သယံဇာတဝန်ကြီး

တော်လှန်ရေး အောင်မြင်ဖို့ ၂၁ ရာစုမှာ ပြည်သူ့ ဆန္ဒသာ အဓိက

အစိုးရ တစ်ရပ် ရဲ့ တရားဝင်မှု ဆိုသည်မှာ ကိုလိုနီခေတ် ကုန်ဆုံးခဲ့တဲ့ ဒုတိယ ကမ္ဘာစစ် မတိုင်မီအထိ စစ်အင်အားကြီးပြီး မြေပြင်မှာ စိုးမိုးနေရာယူနေသူများသာ တရားဝင်မှုကို အသက်သွင်းနိုင်ကြတယ်။ တစ်နည်းပြောရရင် နိုင်တဲ့သူမှန်တဲ့ခေတ်။

ကိုလိုနီခေတ်နှောင်းပိုင်းကာလ ၂၀ ရာစု တလျှောက်လုံးမှာ ကမ္ဘာ့ကုလ သမဂ္ဂရဲ့အခန်းကဏ္ဍ ကျယ်ကျယ်ပြန့်ပြန့် ရှိလာပါတယ်။ သို့သော်ငြားလဲ ကမ္ဘာ့စီးပွားရေး အင်အားတောင့်တင်းတဲ့နိုင်ငံများရဲ့ လွှမ်းမိုးမှုတဖန်ကြုံလာရတယ်။
၂၁ ရာစုဖက်မှာတော့ Digital နည်းပညာတိုးတက်လာတာနဲ့အမျှ Globalization နဲ့အတူ ပြည်သူလူထု (Public) ကြားမှာ စဥ်းစားတွေးခေါ်မှုနှင့် နည်းပညာပြောင်းလဲမှု ကျယ်ကျယ်ပြန့်ပြန့်ဖြစ်လာပါတယ်။
မြန်မာ့ အာဏာရှင်များရဲ့အရှိတရားကို ဆန်းစစ်ကြည့်တဲ့အခါ နည်းပညာတိုးတက်လာသော်လည်း အတွေးအခေါ်နဲ့ လုပ်ဆောင်မှုပိုင်းတွေဟာ ၂၀ ရာစုမှာ ကျန်နေခဲ့တာတွေ့ရပါတယ်။ ပြည်သူလူထုမှာတော့ Generations များ ပြောင်းနေပြီ။
ပြဿနာက အဲဒီမှာ စပါတယ်။
လက်ရှိ စစ်ကောင်စီရဲ့တွေးခေါ်မှုဟာ အကြောက်တရားနဲ့ ၁၉၈၈ နှောင်းပိုင်းလို ထိန်းချုပ်နိုင်မယ် ထင်ထားကြတယ်။ လက်တွေ့မှာဖြစ်မလာပါဘူး။
၁၉၈၈ တုန်းက ရန်ကုန်မှာ ဖြစ်ခဲ့သမျှ မြစ်ကြီးနားသားတွေ မသိနိုင်ဘူး။ ဒီနေ့ခေတ်သိနေပြီ။ Live ကိုကြည့်ရတာပါ။
NCGUB, ABSDF စပေါ်ခါစ ဘယ်မှာ ဘယ်သူ ဦးဆောင်နေမှန်း ပြည်သူတွေ မသိခဲ့ပါဘူး။ ဒီနေ့ NUG ရဲ့ သတင်းထုတ်ပြန်ချက် နှင့် NUG အဖွဲ့ဝင် ဝန်ကြီး အားလုံးကို အချိန်နှင့်တပြေးညီ ပြည်သူတွေသိမြင်နေပြီ၊ အလွယ်တကူ ဆက်သွယ်စကားပြောနိုင်ပြီ။
NUG ရဲ့ တရားဝင်မှု (Legitimacy) စပြောပါမယ်။
နိုင်ငံတကာက NUG ကို လက်ခံ အသိအမှတ်ပြုဖို့ ဆိုရင် NUG ရဲ့ မူဝါဒများနှင့် လုပ်ဆောင်ချက်များကို ကြည့်ပါလိမ့်မယ်။ ထောက်ခံမည့်နိုင်ငံများသည်လဲ ဒီမိုကရက်တစ် နိုင်ငံများဘဲ ဖြစ်လာစရာရှိပါတယ်။ ဆိုတော့ကာ၊ ဒီမိုကရေစီ ထုံးစံအရ လုပ်ထုံးလုပ်နည်းနှင့် ဒီမိုကရက်တစ်စံနှုန်းအရ မူဝါဒချိန်ထိုးခြင်း၊ ကော်မီတီ အဆင့်ဆင့် ညှိနှိုင်းခြင်း၊ စကားစစ်ထိုး၊ ငြင်းခုန်၊ ဆွေးနွေးကြားနာခြင်း၊ ဆုံးဖြတ်အတည်ပြုခြင်းဆိုတဲ့ ကာလတစ်ခု လိုအပ်မှာဖြစ်လို့ လ အတန်ကြာ ဖြတ်ကျော်ရအုံးမှာပါ။ (နိုင်ငံတကာက အသိအမှတ်မပြုတာ မဟုတ်ဘူး၊ အချိန်ယူရမှာဖြစ်တဲ့အကြောင်းနဲ့ အားငယ်စရာအဖြစ် မှတ်ယူဖို့မလိုတဲ့အကြောင်း ပြောချင်တာပါ)။
၂၁ ရာစုမှာ အစိုးရ တရပ်ရဲ့ တရားဝင်မှုဟာ ပြည်သူထောက်ခံမှုသာ အဓိက ကျလာပြီ ဖြစ်တယ်။
Digital ခေတ်မှာ ထိန်းချုပ်တားဆီထားလို့မရတဲ့ အုပ်စုဟာ ပြည်သူများသာ ဖြစ်ပါတယ်။ ပြည်သူကို ထိန်းချုပ်တားဆီးဖို့ကြိုးစားတဲ့ အစိုးရတိုင်း ကျဆုံးပြီး၊ ပြည်သူလူထုရဲ့ ထိန်းကျောင်းမှု ခံယူတဲ့ အစိုးရတိုင်း အောင်မြင်ပါတယ်။
ဒါကြောင့် မြန်မာ ပြည်သူလူထုရဲ့ ထောက်ခံမှုနဲ့ ပေါ်ပေါက်လာတဲ့ NUG ဟာ မြန်မာပြည်ရဲ့ တရားဝင်အစိုးရဖြစ်တဲ့ အကြောင်း၊ တွေ့ဆုံစကားပြောခဲ့သော နိုင်ငံတကာ ဒီမိုကရက်တစ် လွတ်တော်အမတ် အားလုံးလိုလို ပြောကြပါတယ်။
ဒါ့ကြောင့် ၂၁ ရာစုမှာ ပြည်သူ့တရားစီရင်ရေး ဆိုတာ လူပြောသူပြောများလာတာ ဖြစ်ပါတယ်။ ပြည်သူလူထု မခံနိုင်လို့ လက်နက်ကိုင်တော်လှန်လာတာကို စစ်ကောင်စီထိန်းလို့ရမှာ မဟုတ်သလို၊ ဘယ်နိုင်ငံမှလည်း ဝင်ထိန်းပေးလို့ရမှာ မဟုတ်ပါဘူး။ အဆုံးစွန်ဆုံး ပြောရရင် NUG လည်း ထိန်းလို့ရမှာမဟုတ်ပါဘူး။
အခုတလော ဖြစ်ပေါ်နေတဲ့ ဥပဒေမဲ့ လူသတ်မှုမှန်သမျှဟာ NUG ဝန်ကြီးအဖွဲ့ဝင်များ စေခိုင်းချက်နဲ့ လုပ်တာ တစ်ခုမှ မပါဘူး (မဟုတ်ဘူး) ဆိုတာတော့ အာမခံပါတယ်။ ပြည်သူများ မလုံမခြုံခံစားလာရပြီး အားကိုးရှာလာအောင် လှည့်ကွက်ဖန်တီးတာလည်း ဖြစ်နိုင်ပါတယ်။
မြန်မာပြည်မှာ တောရော မြို့ပါမကျန် ပြည်သူတရပ်လုံးကို နွေးထွေးလုံခြုံမှုပေးနိုင်သော အစိုးရ တရပ် အမှန်တကယ် လိုအပ်နေပြီ ဖြစ်တယ်။ ဒီလို အစိုးရကို ခိုင်မာစေဖို့ ဥပဒေအောက် တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်ရှိတဲ့ ပြည်သူ့ကာကွယ်ရေးတပ် တစ်ခု ရှိလာဖို့ ဆိုရင် လက်ရှိ ရှိနေသော စစ်ကောင်စီလက်ဝေခံ စစ်တပ်ကို အစားထိုးမယ့် professional စစ်တပ်တစ်ခုရှိဖို့ လိုအပ်ပါတယ်။ ဒါကို လုံခြုံရေး ရှုထောင့်မှကြည့်ရင်လဲ လိုအပ်ချက်တရပ် ဖြစ်ပါတယ်။ ပြည်သူ့အစိုးရ ရဲ့ အမိန့်နာခံတဲ့ စစ်တပ် အဖြစ် ပြောင်းလဲ ဖွဲ့စည်းရမှာပါ။ ဒီလို ပြောင်းလဲနိုင်ဖို့
(၁) NUG ရဲ့ လက်ရှိ ကာကွယ်ရေးတပ်ကို အင်အားတောင့်တင်းခိုင်မာအောင် ပြုစုပျိုးထောင်ရမယ်။ ဒါမှလည်း အင်အားချင်းယှဥ်ပြီး အပြောင်းအလဲကို လုပ်နိုင်မှာ ဖြစ်တယ်။
(၂) စစ်အာဏာရှင် ထိပ်ပိုင်းခေါင်းဆောင်များ ဖြုတ်ချပြီး အာဏာရှင် လက်ဝေခံ စစ်တပ်မှ ပြည်သူဖက် ပြောင်းလဲလာသော စစ်တပ်ဖြစ်လာအောင် ဖိအားပေးနိုင်ရမယ်။ (SSR; Security Sector Reform နည်းဖြင့် မလိုအပ်ပဲ သွေးထွက်သံယို အနည်းဆုံးနည်း)
(၃) ဒါမှ မဟုတ် လူထုတော်လှန်ရေးနဲ့ အလုံးစုံ ပြောင်းလဲမှု (DDR; Disarmament, Demobilization and Reintegration)
(၄) တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ ကိုလဲ SSR နည်းဖြင့် ပြောင်းလဲမှု လုပ်ငန်းစဥ်များ ရှိလာမည်။
(၅) အာဏာရှင် ထာဝရ ပြန်မလာနိုင်အောင် ဖက်ဒရယ် ဒီမိုကရေစီ ခိုင်မာအောင် တည်ဆောက်ရေး လုပ်ငန်းစဥ်များ လိုအပ်မှာ ဖြစ်တယ်။

ဒီအဆင့်များ ကျော်ဖြတ်နိုင်ဖို့ ပြည်သူလူထု၏ သဘော ဆန္ဒနှင့် မောင်းနင်နေသော NUG ရှင်သန်ဖို့လိုတယ်။ ဒါကြောင့် ပြည်သူ့ ဆန္ဒသာလျှင် အဓိက ဖြစ်ပါတယ်။ “အာဏာဟာ ပြည်သူ့ထံမှ စီးဆင်းရမှာ” ဖြစ်ပါတယ်။

ကျွန်နော်တို့ ပြည်သူတွေ နိုင်ကို နိုင်မှာပါ။

သင့်ထင်မြင်ချက်ရေးပေးပါ