ကေအိုင်အေ
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် နမ့်မွန်းကျေးရွာရှိပြည်သူ့စစ်စခန်းကို ကေအိုင်အေက ယနေ့နံနက်အစောပိုင်းတွင် တိုက်ခိုက်ခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

နမ့်မွန်းကျေးရွာရှိ ပြည်သူ့စစ်စခန်းနှင့် နမ့်မွန်းကျေးရွာအဝင်တောင်ထိပ်ရှိစစ်ကောင်စီ၏ ကင်းစခန်းကို ညသန်းခေါင် ၁၂ နာရီခန့်မှစတင်ကာ

တစ်နာရီကျော်အကြာပစ်ခတ်တိုက်ခိုက်ခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။

“မနက်အစောပိုင်းကနေပစ်တာ တစ်နာရီကျော်ကြာတယ်၊ ည ၁၂ နာရီ ၄၀ လောက်မှာ လက်နက်ကြီးသံတွေ ညံနေတာပဲ၊

ကေအိုင်အေတပ်ရင်း ၂၆ က သွားပစ်တာလို့ကြားတယ်၊ စစ်ခွေးတွေအနည်းဆုံးလေးယောက်လောက် အထိအခိုက် အကျအဆုံးရှိနိုင်တယ်” ဟု ပြောသည်။

စစ်ကောင်စီဘက်ကလည်း ပြည်သူ့စစ်အဖွဲ့ကို လော့ခွမ်တောင်ပေါ်မှ လက်နက်ကြီးဖြင့် ပစ်ကူပေးခဲ့သည်ဟု သူက ဆက်ပြောသည်။

နမ့်မွန်းကျေးရွာသည် မိုးညှင်းမြို့နှင့် ၁၈ မိုင်အကွာရှိ ကျေးရွာတစ်ခုဖြစ်ပြီး အိမ်ခြေ ၂၀၀၀ ကျော်ရှိကာ ရှမ်းနှင့် ကချင်လူမျိုးများ အများဆုံးနေထိုင်ကြသည်။

စစ်ကောင်စီတပ်များနှင့် ကေအိုင်အေတပ်ဖွဲ့များအကြား မေလနောက်ဆုံးပတ်အတွင်း မြို့နယ်အချို့တွင် ကြိုကြား ကြိုကြားတိုက်ပွဲဖြစ်ပွားနေသည်။

Photo – ပုံဟောင်းအသုံးပြုထားပါသည်။
သင့်ထင်မြင်ချက်ရေးပေးပါ