ကေအိုင်အေနှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲပြင်းထန်နေ မိုးမောက် - မေ ၁၄၊ ၂၀၂၁။

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ် မြို့သစ်ကျေးရွာတွင် ကချင်လွတ်မြောက်ရေးတပ် (KIA) နှင့် စစ်ကောင်စီတပ်သို့ ယနေ့ည ၇နာရီဝန်းကျင်အချိန်မှစ၍ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေသည်ဟု ဒေသခံများထံမှ သိရသည်။

မြို့သစ်ကျေးရွာမှ စစ်ကောင်စီတပ်များသည် ကချင်လွတ်မြောက်ရေးတပ် (KIA) ရှိရာသို့ ရွာအတွင်းမှ လက်နက်ကြီးများနှင့် သေနတ်များဖြင့် အဆက်မပြတ် ပစ်ခတ်နေသည်ဟု ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။

” အခုသေနတ်တွေရော လက်နက်ကြီးတွေရော အဆက်မပြတ်ပစ်ကြတယ်။ ကျွန်တော်တို့အိမ်ဘေးမှာပဲ ပစ်နေကြတာ။ ရွာထဲကနေ ပစ်နေကြတာဟုတ်တယ်။ လက်နက်ကြီးသံတွေကြောင့် အိမ်တွေပါတုန်တယ်။ လက်နက်ကြီးကတော့ တပ်ဘက်ကထုနေတာဟုတ်တယ်။ သေနတ်သံက များလွန်း ကျယ်လွန်းတော့ ဘယ်ဘက်ကနေ ပစ်နေကြသလဲကို မသေချာဘူး” ဟုပြောသည်။

စစ်ကောင်စီတပ်များသည် မြို့သစ်ကျေးရွာရှိ စာသင်ကျောင်းနှင့် ဆေးရုံအပြင် ရွာပတ်ဝန်းကျင်၌ တပ်စွဲထားသည်။ မိိုးမောက်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားနေသည်မှာ တစ်လကျော်မျှ ကြာမြင့်ပြီဖြစ်သည်။

သင့်ထင်မြင်ချက်ရေးပေးပါ