ပြည်သူ့ဆန္ဒအလေးထားတဲ့ ပြည်သူ့စစ်အဖွဲ့ဖြစ်စေလို
ဂမ်ဆိုင်းရေးသားသည်။
ခေါင်လန်ဖူးမြို့နယ်တွင်အခြေစိုက်သည့် ဌာနေပြည်သူ့စစ်အဖွဲ့သည် ဒေသခံ ၆ ဦးကို မဂွေဇစစ်ဆေးရေးဂိတ်တွင် ဧပြီလ (၂၂) ရက်နေ့က ဖမ်းဆီးလိုက်ပြီး နောင်မွန်မြို့နယ်ရဲစခန်းကို လွှဲပြောင်းခဲ့သည်။

ပြည်သူ့ဆန္ဒအလေးထားတဲ့ ပြည်သူ့စစ်အဖွဲ့ဖြစ်စေလို

 

ဖမ်းဆီးခံရသည့်လူငယ်များသည် တန်ဇိန်ချန်ရွာမှ နှစ်ဦး၊ ဝါ့ခန်ရွာမှ နှစ်ဦးနှင့် မစ်လိန်ကန်ရွာမှ နှစ်ဦးဖြစ်သည်ဟု သိရပြီး လက်ရှိအချိန်တွင် (၄၆) ဗျူဟာတွင် ဖမ်းဆီးချုပ်နှောင်ထားသည်။
စစ်ဆေးရေးဂိတ်တွင် လိုင်ဇာသို့သွားမည်ဟု ပြောဆိုခဲ့သဖြင့် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း အဆိုပါဖြစ်စဉ်နှင့်နီးစပ်သည့် ဒေသခံတစ်ဦးက ပြောသည်။
“ဂိတ်က စစ်သားတွေက ရဝမ်တွေပဲဆိုတော့ လူမျိုးအချင်းချင်းယုံကြည်ပြီး အမှန်အတိုင်းပြောလိုက်တာလေ၊ ကျွန်တော်တို့ဒေသခံတွေက အရမ်းရိုးသားကြတာ၊ အဲတာကြောင့် ဖမ်းခံရတာလို့ ထင်တယ်” ဟု ပြောသည်။
ရဝမ်လူငယ်များကိုဖမ်းဆီးသည့်လုပ်ရပ်သည် ခေတ်ပညာတတ်လူငယ်များကို နှိပ်ကွပ်ခြင်းဖြစ်သည်ဟု ပူတာအိုဒေသခံလူငယ် ဦးဆိုင်းအောင် (အမည်လွှဲ) က The 74 Media ကိုပြောသည်။
“အပြစ်မရှိတဲ့လူငယ်တွေကို မတရားဖမ်းဆီးပြီး စစ်အာဏာရှင်ဆီ အပ်လိုက်တဲ့လုပ်ရပ်က နည်းနည်းလေးခေါင်းမော့လာတဲ့ ပညာတတ်လူငယ်တွေကို အညွှန့်ချိုးတဲ့သဘောလို့မြင်တယ်၊ ဒီလုပ်ရပ်ကို ကျွန်တော်လုံးဝရှုံ့ချတယ်” ဟု ပြောသည်။
လူငယ်ခြောက်ဦးအဖမ်းခံရသည့် ခေါင်လန်ဖူးမြို့နယ်သည် ကချင်ပြည်နယ်မြောက်ဖျားအစွန်ဆုံးရှိ လူဦးရေ ၁၄၀၀၀ ကျော်နေထိုင်သည့် မြို့နယ်တစ်ခုဖြစ်သည်။
ရဝမ်နှင့်လီဆူလူမျိုးများအဓိကနေထိုင်ကြပြီး ရွာပေါင်း ၁၄၁ ရွာရှိသည့် မြို့နယ်တစ်ခုဖြစ်ကာ လမ်းပမ်းဆက်သွယ်ရေးခက်ခဲသည့်အပြင် ဒေသခံပြည်သူများသည် တောင်ယာလုပ်ငန်းကို အဓိကလုပ်ကိုင်ကြသည်။
ခေါင်လန်ဖူးမြို့နယ်တွင်အခြေစိုက်သည့် ဌာနေပြည်သူ့စစ်အဖွဲ့ကို ရဝမ်တိုင်းရင်းသားတစ်ဦးဖြစ်သည့် ဦးရယ်ဒမ်းတန်က ဦးဆောင်ပြီး ၂၀၀၅ ခုနှစ် တွင်စတင်ဖွဲ့စည်းခဲ့သည်။
စတင်ဖွဲ့စည်းတည်ထောင်စဉ်က ရှိန်းခေါင်အခြေစိုက် သောင်းကျန်းသူဆန့်ကျင်ရေးအဖွဲ့ဟု ခေါ်ဆိုခဲ့ပြီး ၂၀၀၉ ခုနှစ်တွင် တပ်မတော်လက်အောက်ခံ လက်နက်ကိုင်အဖွဲ့များကို ပြင်ဆင်ပြောင်းလဲဖွဲ့စည်းသည့်အခါ ခေါင်လန်ဖူးအခြေစိုက်ပြည်သူ့စစ်အဖွဲ့ ဖြစ်လာခဲ့သည်။
ခေါင်လန်ဖူးအခြေစိုက်ပြည်သူ့စစ်အဖွဲ့ကို ဦးဆောင်သည့် ဦးရယ်ဒမ်းတန်သည် ကျောက်စိမ်း၊ ရွှေ၊ သစ်၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများအပြင် မြေရှားသတ္တုတူးဖော်သည့်လုပ်ငန်းများကို လုပ်ကိုင်ခွင့်ရရှိထားသူတစ်ဦး ဖြစ်သဖြင့် ငွေကြေးချမ်းသာကြွယ်ဝသူတစ်ဦးဖြစ်သည်။
ယခင်က ရဝမ်လူမျိုးစုအကြား ဩဇာရှိသည့် ရဝမ်ရိုးရာစာပေနှင့်ယဉ်ကျေးမှုအဖွဲ့တွင် ဥက္ကဌတာဝန်ထမ်းဆောင်ခဲ့သဖြင့် ရဝမ်လူမျိုးများက အားကိုးယုံကြည်ခဲ့ကြသည်။
The 74 Media က ရရှိထားသည့်အချက်အလက်များအရ ၂၀၂၁ ခုနှစ် နှစ်ဆန်းပိုင်းတွင် ဦးရယ်ဒမ်းတန်ပိုင်ဆိုင်သည့် လပြည့်ဝင်းကုမ္ပဏီက ခေါင်လန်ဖူးနှင့် နောင်မွန်းမြို့နယ်များတွင် ရွှေတူးဖော်ခွင့် ၇ ခုထက်မနည်း ရရှိထားသည်။
ဦးရယ်ဒမ်းတန်၏ ချမ်းသာကြွယ်ဝမှုနှင့်ပတ်သက်ပြီး ဦးဒီးရမ် (အမည်လွှဲ) က “အရင်ကတော့ ဒီအဖွဲ့က ရဝမ်ပြည်သူတွေအတွက် ရပ်တည်ခဲ့တာလို့ ထင်ခဲ့တယ်၊ ဒါပေမဲ့ အခုနောက်ပိုင်းမှ ရဝမ်လူငယ်တွေကို ကိုယ်ကျိုးအတွက် လိမ်လည်စည်းရုံးပြီး အသုံးချခဲ့တာဆိုတာ အရမ်းသိသာသွားတယ်” ဟုပြောသည်။
ခေါင်လန်ဖူးဌာနေပြည်သူ့စစ်အဖွဲ့သည် ဒေသခံလူမျိုးများ၏ လုံခြုံရေးအတွက် ရပ်တည်နေခြင်းဖြစ်သည်ဟု ပြောဆိုလေ့ရှိသော်လည်း တပ်မတော်လက်အောက်ခံဖြစ်သဖြင့် ထိုပြောဆိုချက်သည် အတုအယောင်ဖြစ်သည်ဟု သူကဆက် ပြောသည်။
“ပြည်သူ့စစ်ကတော့ တပ်မတော်အောက်မှာရှိတဲ့အဖွဲ့လေ၊ ဆိုတော့ သူတို့က လမ်းပမ်းဆက်သွယ်ရေးလောက်ပဲ လုပ်ပေးနိုင်တာလေ၊ ဒါပေမဲ့ ဒေသလုံခြုံရေးကျတော့ အတုအယောင်ပဲ၊ တပ်မတော်လက်အောက်ခံအဖွဲ့ဖြစ်နေလို့လေ” ဟု ပြောသည်။
ခေါင်လန်ဖူးဌာနေပြည်သူ့စစ်အဖွဲ့သည် ရဝမ်အများစုပါဝင်သည့်အဖွဲ့တစ်ခုဖြစ်သော်လည်း ဒေသခံများကို ကိုယ်စားပြုသည့်အဖွဲ့မဟုတ်ကြောင်း ပူတာအိုဒေသခံ မနင်ဇီ (အမည်လွှဲ) က ပြောသည်။
“ဒီအဖွဲ့က ကျွန်မတို့ဒေသခံတွေကို ကိုယ်စားပြုတဲ့အဖွဲ့မဟုတ်ဘူး။ ဘာကြောင့်လဲဆိုတော့ လူနည်းစုရဲ့ အကျိုးကျေးဇူးကို အဓိကဖော်ဆောင်နေလို့လေ၊ အခုထိ ဒေသခံကောင်းကျိုးဘာမှ လုပ်ပေးတာမဟုတ်ဘူး၊” ဟု ပြောသည်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပူတာအိုခရိုင်အနှံ့အပြားတွင် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုများ အင်တိုက်အားတိုက်လုပ်ဆောင်ခဲ့ပြီး အဆိုပါလှုပ်ရှားမှုများတွင် ပါဝင်သူများကို ခေါင်လန်ဖူးပြည်သူ့စစ်နှင့် ဆက်စပ်သူများက စစ်ကောင်စီကို သတင်းပေးခဲ့သည်ဟု သူက ဆက်ပြောသည်။
“ဒီအာဏာသိမ်းပြီးနောက်မှာဆိုရင် စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြတဲ့သူတွေကို သူတို့ကိုယ်တိုင်ဒလန်လုပ်ပြီး စစ်တပ်ကို သတင်းပေးတာ” ဟု ပြောသည်။
ခေါင်လန်ဖူးပြည်သူ့စစ်အဖွဲ့အနေဖြင့် စစ်ကောင်စီအတွက် သတင်းပေးပြုလုပ်နေမှုများကို ပူတာအိုဒေသခံအချို့က ဖေ့စ်ဘုတ်လူမှုကွန်ရက်တွင် ရေးသားဖော်ပြခဲ့မှုများလည်း ရှိခဲ့သည်။
ခေါင်လန်ဖူးဌာနေပြည်သူ့စစ်အဖွဲ့သည် ဧပြီလ ၉ ရက်နေ့ ရက်စွဲဖြင့် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုများနှင့် ပတ်သက်ပြီး ထုတ်ပြန်ချက်တစ်စောင်ထုတ်ပြန်ခဲ့သည်။
အဆိုပါထုတ်ပြန်ချက်တွင် ကေအိုင်အေကြောင့် ၁၉၆၄-၆၅ နှစ်များတွင် ပူတာအိုဒေသရှိကျေးရွာများ ပျက်စီးခဲ့ရသည့်နောက် အစိုးရနှင့် ဒေသခံများ၏ပူးပေါင်းမှုကြောင့် အနက်ရောင်ဒေသမှ အဖြူရောင်ဒေသသို့ ပြောင်းလဲလာပြီးဖြစ်သဖြင့် လက်ရှိအချိန်တွင် ကေအိုင်အေကို တိုက်ခိုက်ရန် ဒေသခံများက သက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းပါဝင်ရန် ဖိတ်ခေါ်ထားသည်။
အဆိုပါထုတ်ပြန်ချက်သည် လက်တွေ့မကျဘဲ ပြည်သူ့ဆန္ဒနှင့် ကင်းကွာနေသည်ဟု ပူတာအိုဒေသခံတစ်ဦးက The 74 Media ကိုဖြေကြားခဲ့သည်။
“အဓိကက ခေါင်လန်ဖူး(ဌာနေ) ပြည်သူ့စစ်လို့သာပြောတာ ပြည်သူလူထုတဲ့သဘောထားမပါဘဲနဲ့ ဒီလို Statement ကို သူတို့ဘာသာ သူတို့သဘောထားနဲ့ ထုတ်ပြန်တာဖြစ်တယ်။ စစ်ကောင်စီနဲ့ သူတို့က အတူတူဖြစ်နေတာကို ဖော်ပြတာလို့ပဲ ယူဆတယ်” ဟုဆိုသည်။
The 74 Media က အမေးအဖြေပြုလုပ်ခဲ့သည့် ပူတာအိုဒေသခံအားလုံးက ခေါင်လန်ဖူးဌာနေပြည်သူ့စစ်အဖွဲ့ကို ပြည်သူနှင့်အတူ ရပ်တည်ရန်လိုလားကြသည်။
မနင်ဇီက ပြည်သူ့စစ်အဖွဲ့အနေဖြင့် ဒေသခံလူငယ်များ၏ ကောင်းကျိုးကို ရှေးရှုပြီး ဆက်လက်ရပ်တည်သင့်သည်ဟု ဆိုသည်။
“ပြည်သူ့စစ်အဖွဲ့ရဲ့ ရပ်တည်ချက်ကို ရှင်းရှင်းလင်းလင်းပြည်သူကို ချပြသင့်တယ်၊ ပြီးတော့ ပွင့်လင်းမြင်သာမှုရှိတဲ့အဖွဲ့ဖြစ်သင့်တယ်၊ လူငယ်တွေရဲ့ အလုပ်အကိုင်တွေကို ဖန်တီးပေးတဲ့အဖွဲ့ဖြစ်သင့်တယ်၊ အဲလိုဆိုရင် ပူတာအိုဒေသအတွက် အကျိုးရှိတဲ့ အဖွဲ့ဖြစ်လာမှာပါ” ဟုဆိုသည်။
ပြောင်းလဲလာသည့်နိုင်ငံရေးအခြေအနေသည် ခေါင်လန်ဖူးဌာနေပြည်သူ့စစ်အဖွဲ့အတွက် ပြည်သူနှင့်အတူ ရပ်တည်နိုင်စေမည့် အခွင့်အရေးတစ်ခုဖြစ်သည်ဟု ဦးဆိုင်းအောင် (အမည်လွှဲ) က ထောက်ပြသည်။
“ဒီအချိန်က သူတို့ (ပြည်သူ့စစ်) အဖွဲ့အတွက် ပြည်သူ့ဘက်က ရပ်တည်ဖို့ အခွင့်အရေးရှိတယ်လေ၊ ဒီအခွင့်အရေးကို မယူတတ်ရင် ကျွန်တော်တို့ရဲ့ စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့တော်လှန်ရေးကို တပ်မတော်က လက်ပိုက်ကြည့်နေမှာ မဟုတ်ဘူး” ဟုပြောသည်။
မေလ ပထမပတ်အတွင်း သောင်းကျန်းသူကို တိုက်ခိုက်ရန်လိုအပ်သည့် စစ်ပညာကို ပြည်သူ့စစ်ထံသင်ကြားရန်ဟုဆိုကာ ဒေသခံများကို ရဝမ်စာပေနှင့်ယဉ်ကျေးမှုဥက္ကဋ္ဌကစည်းရုံးနေသည်။
ဤလုပ်ရပ်နှင့် ပြည်သူ့ဆန္ဒကို မျက်ကွယ်ပြုကာ စစ်အာဏာရှင်လက်ပါးစေအဖြစ် ဆက်လက်လုပ်ဆောင်နေခြင်းသည် ခေါင်လန်ဖူးဌာနေပြည်သူ့စစ်အဖွဲ့အနေဖြင့် ပြည်သူ့စစ်ဆိုသည့် အမည်နာမသာရှိသော်လည်း ပြည်သူ့ဆန္ဒနှင့် ထပ်တူမကျသည့် အဖွဲ့အစည်းတစ်ခုဖြစ်နေသည်ကို ထပ်လောင်းအတည်ပြုပေးနေသည်။
ထို့အပြင် ၎င်းတို့၏လုပ်ရပ်များက ပြည်သူ့ဆန္ဒနှင့် ထပ်တူမကျရုံသာမက တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို ထိခိုက်ပျက်စီးစေနိုင်သည်။
ထို့ကြောင့် နိုင်ငံတဝှမ်းရှိပြည်သူများက စစ်အာဏာရှင်စနစ်ကို နည်းမျိုးစုံဖြင့် တွန်းလှန်တိုက်ခိုက်နေစဉ် ခေါင်လန်ဖူးဌာနေပြည်သူ့စစ်အဖွဲ့သည်လည်း ကိုယ်ကျိုးမကြည့်ဘဲ ပြည်သူ့ဆန္ဒကိုအလေးထားကာ ပြည်သူနှင့်အတူ တစ်သားတည်းရပ်တည်သင့်ပါကြောင်း တင်ပြအပ်ပါသည်။
Photo Credit to Rightful Owners
သင့်ထင်မြင်ချက်ရေးပေးပါ