မိုခါဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်မှုကြောင့် စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အနောက်ပိုင်းရှိ လယ်မြေသုံးပုံနှစ်ပုံခန့် ရေနစ်မြုပ်သွားသဖြင့် စိုက်ခင်များပျက်စီးဆုံးရှုံးမှုရှိကြောင်း သိရသည်။
ဒေသခံများက ရာသီအလိုက်စိုက်ပျိုးထားသော ပဲတီစိမ်းစိုက်ခင်းနှင့် နှမ်းခင်းများ ရေလွှမ်းမှုဒဏ်ကို ခံခဲ့ရခြင်းဖြစ်သည်ဟု အင်းပတ်ကျေးရွာဒေသခံ တောင်သူတစ်ဦးက The 74 Media ကိုပြောသည်။

“ပဲတောင့်လေးတွေပါထိသွားတဲ့အခါကျတော့ ပဲတောင့်တွေလွတ်မြောက်အောင် ရေမောင်းနေတာအခုက။ ည ၇ နာရီကနေပြီးတော့ ၁၁ နာရီထိရွာလိုက်တဲ့မိုးဟာ အင်မတန်ပြင်းထန်တော့ လယ်ကွင်းတွေပါ အကုန်ဖွေးသွားရော” ဟုပြောသည်။

ရေလွှမ်းမိုးမှုကြောင့် ပဲတီစိမ်းစိုက်ခင်း ဧကနှစ်ရာခန့် ပျက်စီးသွားပြီး တစ်ဧကလျှင် ပဲအတင်း ၂၀ ခန့်သာ ထွက်ရှိသောကြောင့် ယခုနှစ်ပဲထွက်နှုန်းသည် ယခင်နှစ်ထက် ထက်ဝက်ခန့်လျှော့သွားနိုင်ကာ အရှုံးပေါ်နိုင်ကြောင်း သူကဆက်ပြောသည်။

“တစ်ဝက်ကတော့ သေချာပေါက်ပျက်နိုင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ရေထဲမှာမြုပ်သွားတဲ့အတွက် အတောင့်မှာ အညှောင့်ပေါက်ကြတာဆိုတော့။ အညှောင့်မပေါက်စေအောင်ဆိုပြီးတော့ ကျွန်တော်တို့ တတ်နိုင်သလောက် စက်မောင်းထုတ် (လယ်အတွင်းမှ ရေကိုထုတ်သည်) နေတာ” ဟုပြောသည်။

ခင်ဦးအနောက်ဘက်ပိုင်းသို့ စစ်ကောင်စီစစ်ကြောင်း မကြာခဏဝင်ရောက်လေ့ရှိသဖြင့် ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ရှောင်ပြည်သူ နှစ်ထောင်ကျော်မှာလည်း မုန်တိုင်းဒဏ်ကြောင့် နေရာထိုင်ခင်းနှင့် စားနပ်ရိက္ခာများ အရေးပေါ်လိုအပ်နေသည်ဟု Khin U Special Force Organization (KSO) အဖွဲ့တာဝန်ခံတစ်ဦးက ပြောသည်။

“ဘုန်းကြီးကျောင်းတို့ စာသင်ကျောင်းတို့မှာရှောင်နေတဲ့ စစ်ဘေးရှောင်တွေကတော့ အခက်အခဲမရှိဘူးပေါ့။ တချို့ကျတော့ နီးစပ်ရာတော၊ သစ်ပင်ကောင်းကောင်းရှိတဲ့နေရာမှာ တာလပတ်မိုးကာလေးတွေနဲ့ နေနေတာတွေ ပြီးတော့ကိုယ့်ကျွဲ၊ နွားလေးတွေနဲ့ လှည်းပေါင်းမိုးတွေမှာ ဖြစ်သလိုနေတဲ့သူတွေကျတော့ မုန်တိုင်းဒဏ် ခံရတာပေါ့” ဟုပြောသည်။

မုန်တိုင်းဝင်ရောက်ခဲ့သည့် စစ်ကိုင်းတိုင်းအတွင်းရှိ ယင်းမာပင်မြို့နယ်၊ အရာတော်မြို့နယ်၊ ကနီမြို့နယ်နှင့် ဆားလင်းကြီးမြို့နယ်တို့တွင်လည်း ချောင်းရေလျှံမှုကြောင့် စိုက်ခင်းများ ပျက်စီးဆုံးရှုံးခြင်းနှင့် လမ်းပျက်စီးခြင်းများ ကြုံနေရကြောင်း သိရသည်။

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ကို ဦးတည်တိုက်ခတ်ခဲ့သည့် မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် မုန်တိုင်းလမ်းကြောင်းရှိ ရခိုင်ပြည်နယ်ရှိမြို့များ၊ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းအတွင်းရှိ မြို့နယ်အချို့တွင် ရေကြီးရေလျှံပြီး လူနေအိမ်ပျက်စီးခြင်းများ ဖြစ်ပွားခဲ့သည်။

သတင်း – ယုစံ
ဓာတ်ပုံ – မြေလတ်အသံ

သင့်ထင်မြင်ချက်ရေးပေးပါ