ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်တွင် စက်တင်ဘာလအတွင်း ယာဉ်တိုက်မှုပေါင်း ၃၀ ခန့်ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၁၀ ဦးခန့်ရှိခဲ့ကြောင်း လူမှုကူညီရေးအသင်းအချို့၏ အချက်အလက်များအရ သိရသည်။

တစ်လအတွင်း ဖြစ်ပွားခဲ့သော ယာဉ်တိုက်မှုများကြောင့် သေဆုံးသူ ရှစ်ဦးခန့်ရှိပြီး အသက် ၃၀ နှစ် အောက်အရွယ်များဖြစ်ကြောင်း ဧရာဝတီဂရုဏာအသင်း၏ အသင်းတာဝန်ရှိသူတစ်ဦးက The 74 Media ကိုပြောသည်။

“အဆိုးဝါးဆုံး ယာဉ်တိုက်မှုက အများကြီးပဲ အသက်သေဆုံးမှုက ရှစ်ဦး၊ ကိုးဦးလောက်က အနည်းဆုံးပဲ။ ချက်ချင်း မသေရင်တောင် ဆေးရုံရောက်မှ သေတာတွေ တစ်ရက်၊ နှစ်ရက်လောက်နေပြီး သေတာတွေပေါ့။ ကားနဲ့တိုက်ပြီး ထွက်ပြေးတာပဲ လေးပုံမှာ သုံးပုံလောက်ထွက်ပြေးတာပဲ” ဟုသူကပြောသည်။

မြန်မာနိုင်ငံလူမှုကူညီရေးအဖွဲ့ ကချင်ပြည်နယ် မြစ်ကြီးနားအသင်းမှ ကူညီခဲ့သော ယာဉ်တိုက်မှုပေါင်း ၁၀ မှုကျော်ရှိပြီး ထွက်ပြေးသူများကာ သေဆုံးသူတစ်ဦးရှိခဲ့ကြောင်း အသင်းတာဝန်ရှိသူတစ်ဦးက ပြောသည်။

“ဆိုင်ကယ်အချင်းချင်းတိုက်တာတို့ ဆိုင်ကယ်အချင်းချင်းလဲတာတို့ သူများနဲ့တိုက်မိတာပေါ့ အဲ့လိုမျိုးရှိတယ်။ စက်တင်ဘာ ၁၂ ရက်နေ့က ဆိုင်ကယ်နဲ့ ကားတိုက်ပြီး ကားသမားထွက်ပြေးသွားတယ်။ တိုက်ခံရတဲ့ ဆိုင်ကယ်သမားက သေသွားတယ်။ အသက်က ၃၀ ကျော် အမျိုးသားဟုတ်တယ်။” ဟုသူကပြောသည်။

မြစ်ကြီးနားမြို့ ဂျန်မိုင်ကောင်ရပ်ကွက်တွင် စက်တင်ဘာ ၇ ရက်နေ့က ဆိုင်ကယ် အချင်းချင်းတိုက်မိရာ တစ်ဖက်ဆိုင်ကယ်မှာ ထွက်ပြေးသွားသော်လည်း အသက် ၅၆ နှစ်ခန့်အရွယ်ရှိ အမျိုးသားတစ်ဦး ဦးခေါင်းတွင် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လူနာ၏ ဆေးကုသစာရိတ်အတွက် တာဝန်ယူစေလိုကြောင်း မိသားစုဝင်တစ်ဦးက ပြောသည်။

“လက်ရှိအခြေအနေက ဦးခေါင်းမှာ ထိခိုက်ထားလို့ အိပ်ယာထဲမှာပဲ ဆီးဝမ်းသွာနေရတယ်။ ခေါင်း ဒဏ်ရာကြောင့် မျက်စိလည်း ကောင်းကောင်းမဖွင့်နိုင်ဘူး သတိရတစ်ချက် မရတစ်ချက်နဲ့ပါ။ ဆေးရုံက ဆေးစစ်ချက်က အခြေအနေစိုးရိမ်ရတယ်ဆိုလို့ မန္တလေးထိဆေးကုရတာပါ ဆေးကုသစရိတ်တွေ ပြန်ရချင်တယ်။ လူချင်းတွေ့ပြီးလည်း စကားတွေပြောချင်ပါတယ်” ဟုသူကပြောသည်။

ထိုသို့ ယာဉ်တိုက်မှုဖြစ်ပွားချိန် ထွက်ပြေးသွားသော ယာဉ်မောင်းများကိုလည်း ကိုယ်ချင်းစိတ်ဖြင့် တာဝန်ယူစေလိုကြောင်း သူကဆက်ပြောသည်။

လူမှုကူညီရေးအသင်းများကလည်း တာဝန်ယူကြည့်ရှုရန် ရပ်ကွက်အလိုက်ခွဲထားကြပြီး ယခုရရှိထားသည့် ဒေတာများမှာ မြို့သစ်ရပ်ကွက်၊ ကျွန်းပင်သာရပ်ကွက်၊ စီတာပူရပ်ကွက်၊ တပ်ကုန်းရွှေလမ်းကြီး၊ ယုဇနရပ်ကွက်၊ ဧရာရပ်ကွက်၊ မြေမြင့်ရပ်ကွက်၊ အေးစေတီရပ်ကွက်၊ ဒူကထောင့်ရပ်ကွက်၊ မြို့မရပ်ကွက်၊ ဂျန်မိုင်ကောင်း၊ မြို့သစ်ကြီး၊ အောင်နန်းရပ်ကွက်တို့တွင် ဖြစ်ပွားခဲ့သည့် ယာဉ်တိုက်မှုများဖြစ်ကြောင်း သိရသည်။

ကချင်ပြည်နယ်တွင် ၂၀၂၀ ခုနှစ်အတွင်း ယာဉ်တိုက်မှုပေါင်း ၄၃၂ မှု ဖြစ်ပွားခဲ့ပြီး ဒဏ်ရာရရှိသူ ၅၆၀ ဦး နှင့် သေဆုံးသူ ၂၀၂ ဦးရှိခဲ့ကြောင်း ကချင်ပြည်နယ် ယာဉ်ထိန်းရဲဦးစီးဌာန၏ အချက်အလက်များအရ သိရသည်။

 

သင့်ထင်မြင်ချက်ရေးပေးပါ