စစ်ကိုင်းတိုင်း၊ မုံရွာမြို့ ဒေသအခေါ် တိုင်းရုံးများ အနောက်ဘက်လမ်းတွင် စုဝေးနေသည့် စစ်ကောင်စီပူးပေါင်းအဖွဲ့ ယနေ့ နေ့လယ် သုံးနာရီခန့်က တိုက်ခိုက်ခံခဲ့ရသောကြောင့် ၁၀ ဦးခန့် သေဆုံးခဲ့ကြောင်းသိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်သား၊ ရဲနှင့် ပျူစောထီအဖွဲ့တို့ အစည်းအဝေးပြုလုပ်နေချိန် ပြောက်ကျားစစ်ဆင်ရေးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force) ၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက The 74 Media ကိုပြောသည်။

“ပျူတွေနဲ့ ရဲတွေ စုပြီး အစည်းအဝေးလုပ်နေကြတာ‌ပေါ့နော်။ ပျူတွေက လိုက်ထရပ်ကားနဲ့။ ရဲတွေက ပါဂျဲရိုကားနဲ့။ အဲ့ချိန်မှာ ဝင်ပစ်ခဲ့ကြတာ‌ပါ။ ကျွန်တော်တို့ဘက်က ထိခိုက်တာတွေဘာမှမရှိပါဘူး။ သူတို့တွေအကုန်လုံး အရပ်ဝတ်နဲ့ပါပဲ” ဟုပြောသည်။

ပစ်ခတ်တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်သား ၃ ဦး၊ ရဲ ၂ ဦးနှင့် ပျူစောထီးအဖွဲ့ဝင် ၅ ဦး စုစုပေါင်း ၁၀ ဦးသေဆုံးခဲ့ကြောင်းသိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးခြင်း ရှိ၊ မရှိကိုမူ The 74 Media က သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါ။

အဆို့ပါ တိုက်ခိုက်မှုကို မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေး တပ်မတော် (Chindwin Attack Force) တပ်ရင်း (၂)၊ တပ်ရင်း (၃)၊ တပ်ရင်း (၄) ၏ အထူးကွန်မန်ဒိုတပ်ဖွဲ့ (Monywa The Boys) နှင့် မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း (၂) တပ်ရင်း (၃) တပ်ရင်း (၄)၏ အထူးစုံစမ်းရေးတပ်ဖွဲ့ (Chindwin Attack Force IO) တို့မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

လွန်ခဲ့သော ဩဂုတ်လ ၃၀ ရက်နေ့က မုံရွာမြို့ စီးပွားရေးဘဏ်တွင် လုံခြုံရေးယူနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း (၂ ) တပ်ရင်း (၃) တပ်ရင်း (၄) ၏ အထူးကွန်မန်ဒို (Monywa The Boys) မှ ပြောက်ကျားစစ်ဆင်ရေးဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးသေဆုံးခဲ့သည်။

 

သင့်ထင်မြင်ချက်ရေးပေးပါ