ဖားကန့်မြို့နယ် လုံးခင်းအုပ်စုရှိ ကုန်စုံဆိုင်တစ်ဆိုင်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များကယနေ့ နံနက် ၆ နာရီခန့်က မီးရှို့ဖျက်ဆီးသွားပြီး ဒေသခံပြည်သူတစ်ဦးကိုလည်း ဖမ်းဆီးသွားကြောင်းသိရသည်။

မှော်ပုံကျေးရွာသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကားခြောက်စီးဖြင့် ရောက်ရှိလာပြီး ကုဋေဦးကုန်စုံဆိုင်ကို ဝင်ရောက်စီးနင်းမီးရှို့ဖျက်ဆီးကာ ဆိုင်ပိုင်ရှင်ကို ဖမ်းဆီးသွားသည်ဟု မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။

“ဆိုင်တစ်ဆိုင်ကို ဝင်ဖမ်းတာ ဘယ်နဲ့ပစ်တာမှန်းတော့ ကျွန်တော်တို့မသိဘူး ဆူညံလို့ပါ့ ပစ်တာတွေတော့။ စစ်သားတွေ သူတို့ဟာသူတို့ပတ်ရမ်းပြီး ပစ်တဲ့ပုံစံပါပဲ နေအိမ်ကို မီးရှို့သွားတာ ထိခိုက်တာတော့ မရှိဘူး ဖမ်းသွားတာတော့ရှိတယ် ဆိုင်ရှင်ကို” ဟုသူကပြောသည်။

ကုန်စုံဆိုင်အနီးတွင်နေထိုင်သူများနှင့် ကျေးရွာအတွင်းမှဒေသခံအချို့ ထွက်ပြေးတိမ်းရှောင်နေကြကြောင်း အခြားဒေသခံတစ်ဦးကပြောသည်။

“ကားလမ်းမကြီးအတိုင်းဝင်လာပြီး တံတားနားမှာ ကားထားသွားပြီး ဝင်လာပြီး လာပစ်သွားတာ အိမ်က မီးလောင်သွားပြီ တခြားနေရာက မထိဘူး။ ရွာလယ်မှာဖြစ်တာ အဲ့ဘက်ကလူတွေကို အကုန်လုံး တိမ်းရှောင်နေကြတယ်” ဟုသူကပြောသည်။

ဖားကန့်မြို့၊ မမုံကျေးရွာရှိ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်၏ ရိက္ခာဂိုဒေါင်ကိုလည်း ဩဂုတ်လ ၂၆ ရက်နေ့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးခဲ့ပြီး ဂိုဒေါင်စောင့် ခြောက်ဦးကို ဖမ်းဆီးခဲ့ကြောင်းသိရသည်။

ဖားကန့်မြို့နယ်တွင် ၂၀၁၄ သန်းခေါင်စာရင်းအရ အိမ်ထောင်စု ၁၇၀၀ ကျော် လူဦးရေ ၁၂၀၀၀ ကျော် နေထိုင်သည်။

သင့်ထင်မြင်ချက်ရေးပေးပါ