ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်အစပ်ရှိ မိုးဗြဲမြို့တွင် ယမန်‌နေ့က ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ဦးထက်မနည်းသေဆုံးပြီး တော်လှန်ရေးတပ်ဖွဲ့မှ ရဲဘော် ၂ ဦး ကျဆုံးခဲ့ကြောင်းသိရသည်။

အင်အား ၃၀၀ ခန့်ရှိသော တပ်မ (၆၆) မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ နှင့် ကရင်နီပူးပေါင်းကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း KNDF မှ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံတစ်ဦးက The 74 Media ကိုပြောသည်။

“လေးရက်ဆက်တိုက်ဖြစ်နေတာပေါ့။ စစ်ကောင်စီဘက်က လူအင်အားတော်တော်များတယ် ပြန်ပြန်ဖြည့်လာကြတာပေါ့နော်။ ဒီနေ့ကတော့ တိုက်ပွဲဖြစ်တာမရှိသေးပါဘူး။ မနေ့ညတော့ လေယာဉ်တစ်စီး ကင်းထောက်တဲ့ပုံစံနဲ့ ဝဲတယ် ပစ်ခတ်တာ‌တော့မရှိသေးဘူး” ဟုပြောသည်။

တိုက်ပွဲအတွင်း ဖယ်ခုံပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း (၂) မှ ရဲဘော် ရီရယ်အပါအဝင် ရဲဘော်နှစ်ဦး ကျဆုံးခဲ့သည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များထံမှ MA – 1 သေနတ် ၁ လက်၊ MA – 3 သေနတ် ၂ လက်၊ RPG ဗုံးသီးများ၊ ၆၀ မမ ဗုံးသီးများ၊ ဆက်သွယ်ရေးအထိုင်စက် ၁ လုံး၊ ကျည်ဆံများနှင့် အသုံးအဆောင်များ သိမ်းဆည်းရမိခဲ့သည်။

စစ်ကောင်စီတပ်မှ လက်နက်ကြီးများနှင့် တိုက်လေယာဉ်အသုံးပြုကာ ၂ ကြိမ် လာရောက်ပစ်ခတ်ခဲ့သောကြောင့် ပြည်သူနေအိမ် စုစုပေါင်း ၄၀ ခန့် ပျက်စီးဆုံးရှုံးခဲ့သည်။

မိုးဗြဲမြို့တွင် စက်တင်ဘာလ ၈ ရက်နေ့မှစပြီး တိုက်ပွဲများပြင်းထန်နေသောကြောင့် ဒေသခံပြည်သူများ ဖြတ်သန်းသွားလာခြင်းမပြုလုပ်ကြရန်ကရင်နီပူးပေါင်းကာကွယ်ရေးတပ်ဖွဲ့များမှ တိုက်တွန်းထားသည်။

လေးရက်ဆက်တိုက်ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ဦးထက်မနည်းသေဆုံးခဲ့ပြီး တော်လှန်ရေးရဲဘော် နှစ်ဦး ကျဆုံးခဲ့သည်။

ဗိုးဗြဲတိုက်ပွဲကို မိုးဗြဲ PDF၊ ဖယ်ခုံ PDF၊ လွိုင်ကော်၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တပ်ရင်း (၃) တပ်ရင်း (၁၁)၊ ကရင်နီတပ်မတော် (KA) နှင့် KRU တို့ ပူးပေါင်းတိုက်ခိုက်နေသည်။

 

သင့်ထင်မြင်ချက်ရေးပေးပါ