ကချင်လွတ်မြောက်ရေးတပ် (KIA) နှင့်တိုက်ပွဲဖြစ်ပွားစဉ် အထိနာခဲ့သည့်စစ်ကောင်စီတပ်က ကွတ်ခိုင်မြို့နယ် ဆွန်လုံကျေးရွာကို မီးရှို့ဖျက်ဆီးမည်ဟု ယနေ့နံနက်က ခြိမ်းခြောက်နေကြောင်းသိရသည်။
စစ်ကောင်စီ တပ်မ (၇၇) စစ်ကြောင်းက ရွာကိုမီးရှို့ဖျက်ဆီးမည်ဟု ချိန်းခြောက်ပြောဆိုနေခြင်းဖြစ်သည်ဟု အခြားဒေသခံအမျိုးသားတစ်ဦးက The 74 Mediaကိုပြောသည်။

“ခဏကထိတော့ဖြစ်နေတယ် ခုတော့ငြိမ်နေတယ်။ အဲ့မှာရွာကို မီးရှို့မယ်ဆိုပြီးခြိမ်းခြောက်နေတယ်။ ရွာသားတွေက ရှောင်တော့မရှောင်ဘူး။ သူတို့တွေက ရွာမီးရှို့မယ်ပြောလို့ရွာလူကြီးက တောင်းပန်ပြီးညှိနှိုင်းထားတယ်။ ခုကဘယ်လိုဖြစ်လာမလဲမသိဘူး” ဟုပြောသည်။

ဆွန်လုံကျေးရွာအနီးသို့ ချီတက်လာသော စစ်ကောင်စီစစ်ကြောင်းကို ကေအိုင်အေ တပ်ရင်း (၉) တပ်ခွဲ (၂) က ကြားဖြတ်တိုက်ခိုက်ရာမှ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများထံက သိရသည်။

တိုက်ပွဲမှာ နှစ်နာရီခန့်ကြာမြင့်ပြီး တိုက်ပွဲဖြစ်ပွားနေချိန်တွင်လည်း နမ့်ဖက်ကာကျေးရွာရှိ စစ်ကောင်စီခြေလျင်တပ်ရင်း (ခ.လ.ရ) ၁၂၃ က လက်နက်ကြီးပစ်ခတ်ကူခဲ့ကြောင်းသိရသည်။

ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် ကောင်ဆတ်တောင်အနီးတွင်လည်း စက်တင်ဘာလ ၆ ရက်နှင့် ၇ ရက်နေ့တို့တွင် စစ်ကောင်စီတပ်နှင့် ကချင်လွတ်မြောက်ရေးတပ် ကေအိုင်အေတို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

သင့်ထင်မြင်ချက်ရေးပေးပါ