ကချင်ပြည်နယ်၊ မိုးညှင်းမြိုနယ်၊ နန်းမားမြို့မှ နေအိမ်နှစ်လုံးကို အင်အား ၅၀ ခန့်ရှိသော စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်သားနှင့် ရဲများက လာရောက်ဖျက်ဆီးသွားကြောင်း သိရသည်။

နန်းမားမြို့၊ လက်ပံတန်းရပ်ကွက်ရှိ ဘကြီးမှုံ (ခ) ကိုသန်းစိုး၏ နေအိမ်နှင့် ညောင်ကုန်းရပ်ကွက်ရှိ မဂျိုးဟုဆိုသော အမျိုးသမီး၏ နေအိမ်ကို အင်အားအလုံးအရင်းဖြင့် လာရောက်ဖျက်ဆီးသွားကြောင်း နန်းမားဒေသခံ အမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“သူတို့က အင်အားများတယ်။ မြို့အဝင် အထွက်လမ်း ၊ ဟိုပင်အထွက်ဘက် (နန်းမားမှ ဟိုပင်မြို့ဘက်အထွက် )ရယ်။ နန်းမားအဝင် (မိုးညှင်းမှ နန်းမားသို့ အဝင်)ရယ်ကို ပိတ်ပြီးတော့ အင်အားအလုံးအရင်းနဲ့ ဝင်ဖြိုတာ” ဟုပြောသည်။

ဦးသန်းစိုး၏ နေအိမ်အား ယမန်နေ့ ညနေ ၄ နာရီဝန်းကျင်က လာရောက်ဖြိုချခြင်းဖြစ်ပြီး ဒေါ်ဂျိုး၏နေအိမ်အား ယနေ့ နံနက် ၁၀ နာရီဝန်းကျင်ခန့်က ဖြိုချဖျက်ဆီးသွားခြင်းဖြစ်ကြောင်းသူကပြောသည်။

၎င်းတို့ နှစ်ဦးအပါအဝင် မိသားစုဝင်များမှာ အိမ်တွင်နေထိုင်ခြင်းမရှိဘဲ ရှောင်တိမ်းနေသည်မှာ အချိန်ကြာပြီဖြစ်ကြောင်းသိရပြီး ၎င်းတို့အိမ်ကို ဖြိုချမည်ဖြစ်ကြောင်း စစ်ကောင်စီမှ အသိပေးခြင်းများ ပြုလုပ်ခဲ့ကြောင်း သူကဆက်ပြောသည်။

“သူတို့က PDF ကိုထောက်ပံ့တယ်ဆိုပြီး အဲ့လိုလုပ်တာ။ မနေ့ကတော့ ပစ္စည်းတွေ လာသိမ်းဖို့ ၇ ရက်အချိန်ပေးမယ်ပြောတာ။ ဒီနေ့ကျတော့ ဘာမှမပြောဘဲ လာကုတ်သွားတာ။ သူတို့အိမ်အပါအဝင် အသိပေးထားတဲ့အိမ်က ခုနှစ်အိမ်ရှိတယ်။ ခုနှစ်အိမ်လုံးကိုဖျက်ဆီးမယ်လို့တော့ ပြောသံကြားတယ်။ အတိအကျတော့ မသိရဘူး” ဟုပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၂၆ ရက်နေ့က စစ်ကောင်စီသတင်းပေးဟု နာမည်ကြီးသည့် နန်းမား၊ နမ့်ခမ်းရပ်ကွက်မှ ဦးတင်ဌေးနှင့် ဒေါ်နေကြည်တို့ ဇနီးမောင်နှံနှစ်ဦးအား အမည်မသိလူတစ်စုမှ လာရောက်ဖမ်းဆီးပြီးနောက် ယခုကဲ့သို့ လုပ်ဆောင်ခြင်းဖြစ်နိုင်ကြောင်းနှင့် မိုးညှင်း KPDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

“အခုလောလောဆယ်တောင် အဲ့ကိစ္စတွေ ရှုပ်နေတယ်။ နန်းမားမြို့ထဲက ဒလန် ၂ ယောက်ပျောက်နေတယ်။ သူတို့ဆီမှာ သတင်းထွက်တာတော့ ဒီဘက် PDF က လာဖမ်းသွားသလိုလို” ဟုပြောသည်။

ဒလန်ဟုဆိုသော အဆိုပါ ဇနီးမောင်နှံနှစ်ဦး ဖမ်းဆီးခံရသည့် ကိစ္စနှင့်ပတ်သက်ပြီး မိုးညှင်းမြို့နယ်တော်လှန်ရေးတပ်ဖွဲ့ဝင်များက တစ်စုံတစ်ရာ ထုတ်ဖော်ပြောကြားခြင်း မရှိသေးပါ။

နန်းမားမြို့ အမှတ် (၃၈၆) အမြောက်တပ်မှ နန်းမားမြို့အနီးရှိ ဒေသအခေါ် နန့်ဆော်လော်တောင်ဘက်သို့ ယမန်နေ့ ည ၁၁ ဝန်းကျင်က လက်နက်ကြီးဖြင့် ငါးကြိမ်ခန့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၃၁ရက်နေ့က နန်းမားမြို့ မေတ္တာလေညှင်း ပရဟိတအသင်းဝင် လူငယ် ကိုအောင်ဌေးဦး (ခ) ရွှေဥအား စစ်ကောင်စီတပ်ဖွဲ့ဝင်များက လာရောက်ဖမ်းဆီးခဲ့ကြောင်း သိရသည်။

 

သင့်ထင်မြင်ချက်ရေးပေးပါ