စစ်ကိုင်းတိုင်း တမူးမြို့မှ အမျိုးသားတစ်ဦး ယမန်နေ့ ‌နေ့လယ် ၁၂ နာရီ ခွဲခန့်က ရေတွင်းထဲသို့ကျသွားသော ကြောင်ကိုဆင်းကယ်ဆယ်ရင်း သေဆုံးခဲ့ကြောင်း သိရသည်။
တမူးမြို့ဈေးတန်း ၁၃ ရပ်ကွက်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အောက်ဆီဂျင်ပြတ်တောက်ကာ သေဆုံးသွားခြင်းဖြစ်သည်ဟု ကယ်ဆယ်ရေးတွင်ပါဝင်ခဲ့သော ဒေသခံအမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“ကျွန်တော်တို့ကယ်ပြီးချိန်တော့ အသက်မရှိတော့ဘူး။ ရေတွင်းက တော်တော်နက်တယ်လေ။ သူရော ကြောင်ရောအသက်မရှိတော့ဘူး” ဟု သူကပြောသည်။

ရေတွင်းသို့ဆင်းရာတွင် အောက်ဆီဂျင်လုံလောက်မှုရှိ၊ မရှိကို စမ်းသပ်ပြီးမှသာ ဆင်းစေလိုကြောင်း သူကဆက်ပြောသည်။

သေဆုံးသွားသော အမျိုးသားသည် အသက် ၆၇ နှစ်အရွယ် ဦးခင်သောင်းဖြစ်ပြီး ယနေ့ နေ့လယ် ၂ နာရီတွင် သဂြိုလ်သွားမည်ဖြစ်ကြောင်း သိရသည်။

စစ်ကိုင်းတိုင်း မုံရွာမြို့ ထန်းတောရပ်ကွက်တွင်လည်း လွန်ခဲ့သော ၂၀၂၀ ခုနှစ် မေလက ရေမရှိသည့် ရေတွင်းသို့ အမျိုးသားတစ်ဦး ပြုတ်ကျသေဆုံးခဲ့သည်။

သင့်ထင်မြင်ချက်ရေးပေးပါ