ရှမ်းပြည်နယ်မြောက်ပိုင်း မန်တုံမြို့နယ်ရှိ မြို့မရဲစခန်းကို ယနေ့ မွန်းလွှဲ ၁ နာရီခွဲခန့်တွင် ကချင်လွတ်မြောက်ရေးတပ် (KIA) က ဝင်ရောက်ပစ်ခတ်ခဲ့ပြီး စခန်းကိုမီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
ရဲစခန်းကို ဝင်ရောက်ပစ်ခတ်ချိန် စခန်းအတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထွက်ပြေးသွားသည်ဟု မျက်မြင်တွေ့ရှိခဲ့သည့် ရပ်ကွက်နေပြည်သူတစ်ဦးက The 74 Media ကိုပြောသည်။

“လာပစ်ကြတာ ပြီးရင် အိမ်ရော မီးရှို့ပေးလိုက်တယ် မီးလောင်နေတာတော့တွေ့တယ် ဘယ်နှလုံးလဲတော့ မသိဘူး။ အခုက စစ်သားတွေ အဲ့ရဲစခန်းမှာ အပြည့်ရှိနေတယ်။ လာပစ်တဲ့အချိန် ရဲတွေက တစ်ယောက်၊ နှစ်ယောက်တော့ ရှိတယ်ထင်တယ် ထွက်ပြေးသွားတော့ မီးရှို့ပေးလိုက်တာ” ဟုသူကပြောသည်။

မန်တုံမြို့အခြေစိုက် စစ်ကောင်စီခြေလျင်တပ်ရင်း ခ.လ.ရ ၁၃၀ စခန်းကိုလည်း ယနေ့ နံနက် ၇ နာရီခန့်တွင် ကေအိုင်အေက သွာရောက်ပစ်ခတ်ခဲ့ကြောင်း အခြားဒေသခံတစ်ဦးက ပြောသည်။

“ဒီမနက်က စစ်တပ်ဘက်ကို သွားပစ်ပြီး နေ့လယ်မှာက ရဲစခန်းကို လာပစ်ပေးတဘ် အထိအခိုက်က မသိရသေးဘူး” ဟုသူကပြောသည်။

စစ်ကောင်စီခြေလျင်တပ်ရင်း ခ.လ.ရ ၁၃၀ တပ်စခန်းကို စက်တင်ဘာလ ၄ ရက်နေ့တွင်လည်း ကချင်လွတ်မြောက်ရေးတပ် (KIA) ပူးပေါင်းတပ်ဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း မန်တုံမြို့နယ်တွင် ၂၀၁၄ သန်းခေါင်စာရင်းအရ အိမ်‌ထောင်စု လေးထောင်ကျော် လူဦးရေ နှစ်သောင်းကျော် နေထိုင်သည်။

သင့်ထင်မြင်ချက်ရေးပေးပါ