စစ်ကောင်စီစစ်ကြောင်းမှ အင်းတော်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပ.က.ဖ)နှစ်ဦးနှင့် အရပ်သားပြည်သူနှစ်ဦးအား သတ်ဖြတ်ခံခဲ့ကြောင်း သိရသည်။
အင်အား တစ်ရာကျော်ပါဝင်သော စစ်ကောင်စီစစ်ကြောင်းအား ယမန်နေ့ နံနက် ၉ နာရီခန့်က အင်ပင်ရွာထိပ် မိုင်းဆွဲတိုက်ခိုက်ရန် စောင့်ဆိုင်းနေစဉ် ပ.က.ဖ နှစ်ဦး ပစ်သတ်ခံခဲ့ရကြောင်း အင်းတော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက The 74 Media ကိုပြောသည်။

“မိုင်းစောင့်ရင်း ပစ်သတ်ခံရတာ။ သူတို့ ပကဖတွေက အထိအခိုက်များမှာ။ ဘာလို့ဆို သူတို့က သင်တန်းသေချာမတက်ထားရဘူးလေ” ဟုပြောသည်။

စစ်ကောင်စီစစ်ကြောင်းမှ ပစ်သတ်ခဲ့သော ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပ.က.ဖ)နှစ်ဦးမှာ အသက်၂၀ ဝန်းကျင်အရွယ်ခန့် ကိုဖိုးခွားနှင့်ကိုမြင့်ဦးဆိုသူဖြစ်ကြောင်းသူကပြောသည်။

အဆိုစစ်ကောင်စီစစ်ကြောင်းသည် ပြီးခဲ့သည့် သုံးရက် (စက်တင်ဘာလ ၂၈ ရက်) ကလည်း အောင်းကုန်းရွာမှ အသက် ၃၉ နှစ်အရွယ် မန်ထုံဒေသခံ ဦးသိန်းတန်ကို ရိုက်နှက်သတ်ဖြတ်သွားခဲ့သည်။

အလားတူ အင်းတော်မြို့နယ်တွင် စစ်ကြောင်းထိုးနေသော အင်အား ၇၀ နီးပါးပါဝင်သော အခြားစစ်ကြောင်းသည်လည်း လွန်ခဲ့သည့် သုံးရက် (စက်တင်ဘာလ ၂၈ ရက်) က လမ်းပြအဖြစ် ဖမ်းဆီးခေါ်ဆောင်လာခဲ့သော အသက် ၃၇ နှစ်အရွယ် ဟင်းနုရွာသား ဦးမောင်ဦးအား သတ်ဖြတ်ခဲ့ကြောင်းသိရသည်။

အဆိုပါစစ်ကြောင်းနှစ်ကြောင်း ပူးပေါင်းပြီး ယမန်နေ့ညက မန်လည်ရွာအတွင်းသို့ စစ်ကြောင်းထိုးခဲ့ပြီး မန်လည်ရွာနှင့် ဆည်ရွာမှ သံဃာတော်များ၊ သားဖွားဆရာမနှစ်ဦးနှင့် စိတ်ကျန်းမာရေးချို့ယွင်းနေသော အမျိုးသားတစ်ဦးအား ဖမ်းဆီးခဲ့ပြီး ယနေ့ နံနက်ပိုင်းက ပြန်လည်လွှတ်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါစစ်ကြောင်းနှစ်ကြောင်းနှင့် အင်းတော်မြို့နယ်ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တို့ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်း သိရသည်။

ပုံ – စစ်ကောင်စီစစ်ကြောင်းမှ ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရသော ဟင်းနုရွာသား ဦးမောင်ဦး။

သင့်ထင်မြင်ချက်ရေးပေးပါ