ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းအစပ်ရှိ နန့်စီးအောင်စစ်ဆေးရေးဂိတ်တွင် ဥပဒေမဲ့ငွေကြေးကောက်ခံမှုနှင့် စစ်ဆေးမှုများပိုမိုတင်းကြပ်နေသောကြောင့် အဝေးပြေးယာဉ်မောင်းများ အခက်အခဲကြုံတွေ့နေရကြောင်းသိရသည်။

ယခင်က ပူးပေါင်းစစ်ဆေးရေးဂိတ်တစ်ခုနှင့် ကိုဗစ်ဂိတ်သာရှိသော်လည်း ယခုအချိန်တွင်မူ မူးယစ်၊ လဝက၊ ရဲ၊ စရဖ စသည့် ဂိတ်လေးခုအပြင် ပြီးခဲ့သည့် ဇွန်လကစပြီး စွမ်းအင်(ရေနံနှင့် သဘာဝဓာတ်ငွေ့)၊ ကျောက်မျက် နှင့် ယာဉ်ထိန်းရဲဂိတ်များထပ်တိုးလာကြောင်း ဆယ့်နှစ်ဘီးကားမောင်းနှင်သူတစ်ဦးက The 74 Media ကိုပြောသည်။

“ပုံမှန်ထက် ပိုစစ်တာတွေရှိတယ်။ ဥပမာ အရင်ကဆို ဖောက်စစ်တွေက ၇ ယောက်၊ ၈ ယောက်လောက်ပဲ ရှိတာ။ အခုနောက်ပိုင်း သုံးနေရာခွဲပြီးစစ်တယ်။ လူကလည်း၂၀ ဝန်းကျင်လောက်ရှိတယ်။ ဖောက်စစ်တွေပဲ မဟုတ်ဘူး။ အရပ်ဝတ်နဲ့ရဲတွေ စစ်သားတွေလည်းပါသေးတယ်”ဟုပြောသည်။

ဂိတ်အသီးသီးကိုပေးရသည့် ဂိတ်ကြေးပမာဏမှာလည်း ယခင်ကထက် ဆယ်ဆခန့်ပိုများလာကြောင်း ဆီဘောက်ဆာကားမောင်းနှင်သူတစ်ဦးက ပြောသည်။

“သူတို့လိုချင်တဲ့ ကားနဲ့ပတ်သက်တဲ့ စာရွက်စာတမ်းစုံတဲ့သူတောင် နှစ်သောင်းလောက်ကုန်တယ်။ မစုံတဲ့သူဆို နှစ်သောင်းခွဲသုံးသောင်းလောက်သွားတယ်။ အခုက ဘာအတွက်ကောက်လို့ကောက်မှန်းလည်း မသိဘူး။ ဘာအတွက်ပေးလို့ပေးရမှန်းလည်း မသိဘူး။ အရင်က နားလည်မှုလေးနဲ့ သီးသန့်လက်ဖက်ရည်ဖိုးပေးရတာလောက်ပဲရှိတာ။ ၁၅၀၀(ကျပ်)လောက်ပဲကုန်တာ”ဟုပြောသည်။

၎င်းတို့တောင်းခံသည့် ငွေပမာဏအား အသာတကြည်ပေးဆောင်ခြင်း မရှိပါက အတင်းအကြပ်စစ်ဆေးခြင်းများ လုပ်ဆောင်သည့် အတွက်ကြောင့် အချိန်ကြန့်ကြာမှုများရှိကြောင်း သူကဆက်ပြောသည်။

“သူတို့တောင်းသလောက်မပေးဘူးဆိုရင် ကားခေါင်းထဲတက်ရှာတယ်။ ကျွန်တော်တို့က အကိုရေ ဒီတစ်ခေါက် ကားအဆင်မပြေလို့ နောက်တစ်ခေါက်မှယူပေးပါလား တောင်းတောင်းပန်ပန်နဲ့ပြောတယ်။ အဲ့ကျရင် လိုင်စင်ယူလာခဲ့တဲ့။ တောင်းတာကို ပြနိုင်ရင်လည်း ကားခေါင်းထဲတက်စစ်တယ်။ ဘာတွေရှာလို့ ရှာမှန်းမသိဘူး” ဟုပြောသည်။

ဂိတ်တွင် ကုန်ပစ္စည်းများကိုစစ်ဆေးသည့် ဖောက်စစ်သမားများအားလည်း ငွေကြေးသီးသန့်ပေးဆောင်သည့်အပြင် ကုန်ပစ္စည်းစစ်ဆေးရာတွင်လည်း ချွန်ထက်သည့် တုတ်ချောင်းများအသုံးပြုပြီး ထိုးဖောက် စစ်ဆေးသည့် အတွက်ကြောင့် ပစ္စည်းပျက်စီးမှုများရှိနေကြောင်း ကုန်ကားမောင်းနှင်သူတစ်ဦးက ပြောသည်။

“အောက်မှာကြက်ဥခြင်းတွေ စီထားလို့ မတက်ပါနဲ့လို့ပြောတာကို ဖောက်စစ်တွေက တက်လိုက်တာ ကြက်ဥတွေကွဲကုန်တာ။ ကုန်စိမ်းတွေဘာတွေဆိုရင်လည်း ထိုးတဲ့ဟာတွေနဲ့ထိုးပြီးစစ်တော့ ပျက်စီးတာတွေရှိတယ်။ စားသောက်ကုန်တွေဆိုရင်လည်း စားချင်ရင် ဖောက်နှိုက်ပြီး ယူထားတာ။ ပစ္စည်းတွေဆိုလည်း သူတို့လုပ်ချင်သလိုလုပ်နေတာ။ ပျက်စီးတာ၊ မပျက်စီးတာ သူတို့သိပ်ဂရုမစိုက်ဘူး”ဟုပြောသည်။

ပျက်စီးသွားသည့် ပစ္စည်းတန်ဖိုးအား ပြန်လည်ပေးလျော်ခြင်းမရှိသည့်အပြင် အဓိကထိခိုက်နေသူများမှာ ကုန်စိမ်းသယ်သူများဖြစ်ကြောင်း သူကပြောသည်။

မော်တော်ယာဉ်သုံးပစ္စည်းများဖြစ်သည့် ဒီဇယ်၊ အင်ဂျင်ဝိုင်စသည့်ပစ္စည်းများ တင်ဆောင်လာပါက ငွေကြေးအားနှစ်ဆကောက်ခံနေပြီး ရွှေလုပ်ငန်း လုပ်ကိုင်ရာတွင် အသုံးပြုသည့် စက်ပစ္စည်းများ သယ်ဆောင်လာပါက နှစ်သိန်းအထက်ထိ ပေးဆောင်ရကြောင်း သိရသည်။

နန့်စီးအောင်စစ်ဆေးရေးဂိတ်တွင် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် နှစ်ဆန်းတစ်ရက်နေ့က ငွေကြေးကောက်ခံသည်ကို မပေးဘဲ မောင်းပြေးသည့် ၁၂ ဘီးယာဉ် ကုန်ကားတစ်စီးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက သေနတ်ဖြင့်ပစ်ခတ်သည့်အတွက် ယာဉ်မောင်းသေဆုံးခဲ့ပြီး ဂိတ်ဖြတ်သန်းသူများကိုလည်း PDF ဟု စွပ်စွဲကာဖမ်းဆီးခဲ့သည့် ဖြစ်စဉ်များလည်းရှိခဲ့သည်။

သင့်ထင်မြင်ချက်ရေးပေးပါ