စစ်ကိုင်းတိုင်း ကောလင်းမြို့ ဥက္ကံလမ်းပိုင်းရှိ KBZ bank (၁) အနီး ယမန်နေ့နံနက် ၉ နာရီခန့်က ပတ်ကင်းပတ်နေသည့် စစ်ကောင်စီ ကားနှစ်စီး မိုင်းဆွဲခံရကြောင်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ လိုက်ပါစီးနင်းသည် အိမ်စီးကားတစ်စီးနှင့် စစ်ကောင်စီယာဉ်တစ်စီး ပတ်ကင်းပတ်နေစဉ် မိုင်းဆွဲခံရပြီး ကားတစ်စီး အမိုးလှန်သွားသည်ဟု မျက်မြင်တွေ့ရှိသူတစ်ဦးက The 74 Media ကိုပြောသည်။

“တစ်မြို့လုံး silent strike လုပ်နေတာ ခါတိုင်းပတ်နေကြ စကစ ကားအကြီးတစ်စီး အိမ်စီးကားတစ်စီး ပတ်နေတုန်း မိုင်းကွဲတာ။ ကားကြီးတော့ထိလိုက်တယ်။ အမိုးတွေလှန်ထွက်သွားတယ်။” ဟုသူကပြောသည်။

မိုင်းဆွဲတိုက်ခိုက်ခံရသောကြောင့် ထိခိုက်ကျရှုံးမှုနှင့် ပတ်သက်ပြီး အတိအကျ မသိရှိရသေးကြောင်း သူကဆက်ပြောသည်။

မိုင်းဆွဲခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အနီးပတ်ဝန်းကျင်သို့ သေနတ်ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်တွင် နိုဝင်ဘာ ၇ ရက်နေ့ကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကောလင်းပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကို ရဟတ်ယာဉ်ဖြင့် လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

================

လွတ်လပ်တဲ့သတင်းမီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ရန် နည်းများမဆိုလှူဒါန်းနိုင်ပါတယ်။ လှူဒါန်းလိုတယ်ဆိုရင် ဒီလင့်ခ်ကို နှိပ်ပါ – https://bit.ly/3vPLY7e

 

သင့်ထင်မြင်ချက်ရေးပေးပါ