ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ မုံးကိုးဒေသရှိ ဖောင်းဆိုင်၊ မန်ယန်( Man Yang) ကျေးရွာအနီးယနေ့ နံနက်၄ နာရီခန့်မှစတင်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ကိုးကန့်(MNDAA)တို့အကြား တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားရာ ဒေသဘက်သို့ မုံကိုးစစ်ကောင်စီဗျူဟာကုန်းမှ လက်နက်ကြီးများ အဆက်မပြတ်ပစ်ခတ်ပေးနေကြောင်း မုံကိုးဒေသခံတစ်ဦးက The 74 Media ကို ပြောသည်။

“မုံကိုးဘက်ကနေ လက်နက်ကြီးနဲ့ အဆက်မပြတ်ပစ်ပေးနေတာ၊ ခုထိ မပြီးသေးဘူး၊တိုက်ပွဲက အရင်နေ့ထက် ပိုဆိုးတာပေါ့ ၊ လက်နက်ကြီးပစ်တာတောင် ရာကြီးပိုင်း ဖြစ်နေပြီလေ” ဟု သူကပြောသည်။

တိုက်ပွဲဖြစ်ပွားရာ ဒေသများသည် ကချင်လွှတ်မြောက်ရေးတပ်(KIA)နှင့်ကိုးကန့်(MNDAA)တို့ ရှိရာ နေရာများဖြစ်ပြီး ယခုအချိန်ထိ တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

တိုက်ပွဲနှင့်ပတ်သက်ပြီး အသေးစိတ်အချက်အလက်များကို The 74 Mediaမှ ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကိုးကန့်(MMDAA)တပ်ဖွဲ့ဝင်များ၏ တပ်စခန်းရှိရာ မုံကိုး၊ဖောင်းဆိုင် ဒေသများသို့ စစ်အင်အားတိုးချဲ့မှုများ ထိုးစစ်ဆင်မှုများ ဆက်လက်ပြုလုပ်နေဆဲ ဖြစ်ပြီး ကိုးကန့်(MNDAA)တပ်ဖွဲ့ဝင်များနှင့် နေ့စဉ်နီးပါး တိုက်ပွဲ ဖြစ်ပွားနေဆဲ ဖြစ်သည်။

=========================

လွတ်လပ်တဲ့သတင်းမီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ရန် နည်းများမဆိုလှူဒါန်းနိုင်ပါတယ်။ လှူဒါန်းလိုတယ်ဆိုရင် ဒီလင့်ခ်ကို နှိပ်ပါ – https://bit.ly/3vPLY7e

 

သင့်ထင်မြင်ချက်ရေးပေးပါ