ကနီပြည်သူ့ကာကွယ်ရေးတပ်(KPDF) က မိုင်းခွဲတိုက်ခိုက်သဖြင့် စစ်ကောင်စီ၏ ရေယာဉ်တစ်စီး ကနီမြို့ မဲဒင်ကျေးရွာအနီး နစ်မြုပ်သွားကြောင်း သိရသည်။

ခန္တီးမှလာသော တပ်ပိုင်ကျောက်စိမ်းမော်တော်ယာဉ် ၁၁ စီးကိုတိုက်ခိုက်ရာ တစ်စီးထိခိုက်သွားပြီး မဲဒင်ကျေးရွာ ကျွန်းခုံအနီး၌ နစ်မြုပ်သွားကြောင်း ကနီပြည်သူ့ကာကွယ်ရေးမှ တာဝန်ရှိသူတစ်ဦးက The 74 Media ကို ပြောပြသည်။

“မနက်ပိုင်း မြုပ်သွားတယ်။ ခန္တီးကနေ သယ်လာတဲ့ တပ်ပိုင် ကျော်စိမ်းမော်တော်တွေကို လုံခြုံရေး လိုက်ပေးတဲ့ယာဉ်တွေပါ။ ၁၁ စီးဟုတ်တယ်။ အဲ့ထဲကတစ်စီးကို ကောင်းကောင်းလည်း ထိသွားတယ်” ဟု သူက ပြောသည်။

ယခုချိန်ထိ တိုက်ပွဲအခြေအနေ မတည်ငြိမ်သေးသည့်အတွက် ထိခိုက်ပျက်စီးမှု မည်မျှရှိသည်ကို တိကျစွာ မသိရှိသေးကြောင်းသူက ဆက်ပြောသည်။

ယင်းတိုက်ခိုက်မှုတွင် ကနီပြည်သူ့ကာကွယ်ရေး( KPDF)နှင့် ဒေသတွင်း ညီနောင်မဟာမိတ်အဖွဲ့များဖြစ်သည့် KLG PDF၊ DRPA စသည့်အဖွဲ့များနှင့် ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

လွန်ခဲ့သော နိုဝင်ဘာ ၂၉ရက်နေ့တွင်လည်း ချင်းတွင်းမြစ်ကြောင်းတွင် လက်နက်ခဲယမ်း၊ စားနပ်ရိက္ခာနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တင်လာသည့် ရေယာဉ် ၂ စီးကို ကနီမြို့ဒေသကာကွယ်ရေးအဖွဲ့ (KPDF) ကသုံးကြိမ် ဝင်ရောက်တိုက်ခိုက်ခဲ့သည်။

Photo Credit – Khit Thit

=========================

လွတ်လပ်တဲ့သတင်းမီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ရန် နည်းများမဆိုလှူဒါန်းနိုင်ပါတယ်။ လှူဒါန်းလိုတယ်ဆိုရင် ဒီလင့်ခ်ကို နှိပ်ပါ – https://bit.ly/3vPLY7e

 

သင့်ထင်မြင်ချက်ရေးပေးပါ