ဖားကန့်မြို့၊ မရှီကထောင်ရပ်ကွက်တွင် ယနေ့ နံနက် ငါးနာရီခန့်က လူငယ်ငါးဦးကို စစ်ကောင်စီတပ်ဖွဲ့ ဝင်များ လာရောက်ဖမ်းဆီးသွားကြောင်း သိရသည်။

အရပ်ဝတ်များအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် လူအင်အား ၃၀ ခန့်က အိမ်စီးကား သုံးစီး၊ ရဲကား နှစ်စီးဖြင့် လာရောက်ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း အမည်မဖော်လိုသူ သတင်းရင်းမြစ်တစ်ဦးက The 74 Mediaကို ပြောသည်။

“ဒလန် သတင်းပေးနဲ့ဖမ်းခံရတာပါ၊ အရပ်ဝတ်တွေရော ယူနီဖောင်းတွေရောပါတယ်။ ပထမအရပ်ဝတ်နဲ့ ဝင်ခဲ့တာပေါ့။ ဘာကြောင့်ဖမ်းမှန်း သေချာ မသိပါဘူး” ဟုပြောသည်။

ဖမ်းဆီးခံရသူများတွင် အမျိုးသားလေးဦးနှင့် အမျိုးသမီးတစ်ဦး ပါဝင်ပြီး ၎င်းတို့ကို မည်သည့်နေရာတွင် ဖမ်းဆီးထားသည်ကို မသိရှိရသေးကြောင်း သူက ပြောသည်။

ဖားကန့်မြို့နယ်၊ ဆိပ်မူ(ဆိုင်းတောင်)ကျေးရွာအုပ်စု၊ ရှမ်းကုန်းဈေးတွင် နေထိုင်သည့် လူငယ်သုံးဦးကိုလည်း နိုဝင်ဘာလ ၁ ရက်နေ့ ညပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်များက ရိုက်နှက် ဖမ်းဆီးခဲ့သည်။

ဖားကန့်တစ်မြို့နယ်လုံးတွင် အောက်တိုဘာ ၁၉ ရက်နေ့က ၅၀၅-က ဖြင့် ဖမ်းဆီးခံရသူ ရှစ်ဦး ပြန်လည်လွှတ်မြောက်လာသော်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက စစ်အာဏာရှင်ဆန့်ကျင်သူများကို ဖမ်းဆီးမှုများ ပြုလုပ်နေဆဲဖြစ်သည်။

================

လွတ်လပ်တဲ့သတင်းမီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ရန် နည်းများမဆိုလှူဒါန်းနိုင်ပါတယ်။ လှူဒါန်းလိုတယ်ဆိုရင် ဒီလင့်ခ်ကို နှိပ်ပါ – https://bit.ly/3vPLY7e

 

သင့်ထင်မြင်ချက်ရေးပေးပါ