မြစ်ကြီးနား – မန္တလေး ပြည်ထောင်စု လမ်းမကြီး​ပေါ်ရှိ လွယ်ခေါ်ကျေးရွာ၊ ၁၈ မိုင်အနီးတွင် ယနေ့ နံနက် ၁၁ နာရီခန့်က စစ်ကောင်စီတပ်နှင့် ​ကေအိုင်​အေတို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

စစ်​ကောင်စီတပ် စစ်​ကြောင်းက ၂၁ မိုင် စုပေါင်းဂိတ်တွင် တပ်စွဲထားသည့် တပ်ဖွဲ့ဝင်များထံ ချီတက်လာစဥ် လမ်းခုလတ်၌ ကေအိုင်အေတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားရာ အနီးပတ်ဝန်းကျင်များသို့ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုများရှိခဲ့ကြောင်း လွယ်​ခေါ်ဒေသခံများပြောပြချက်အရသိရသည်။

အလားတူ ရှမ်းပြည်နယ်​မြောက်ပိုင်း မုံကိုးခရိုင်၊ လော်ကူအနီးနှင့် ဖိုက်ကုန်(Hpai Kawng) ကျေးရွာအနီးတွင်လည်း ယနေ့ နံနက် ၇ နာရီခန့်က ကိုးကန့်တပ်ဖွဲ့(MNDAA)နှင့် စစ်အင်အားဖြည့်တင်းရန် ချီတက်လာသည့် စစ်ကောင်စီတပ်ဖွဲ့တို့ကြား တိုက်ပွဲ နှစ်ကြိမ် ဖြစ်ပွားခဲ့သည်။

အဆိုပါတိုက်ပွဲဖြစ်ပွားနေချိန်တွင် လက်နက်ကြီးသံများ အဆက်မပြတ် ကြားခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။

ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကိုးကန့် MNDAAတပ်များရှိရာ ဖောင်းဆိုင် ၊ မန်ရန် ၊ ရှီကျိကျတောင်တန်းများသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများရှိနေသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည့် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်သို့ စစ်အင်အားတိုးချဲ့မှုများ ပြုလုပ်လျက်ရှိ​​နေ​သော​ကြောင့်ကချင်လွတ်မြောက်ရေးတပ် (KIA)၊ ကိုးကန့်(MNDAA)တပ်ဖွဲ့ဝင်များနှင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွား​နေသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၂၉ ရက်နှင့် ၃၀ရက်နေ့အတွင်းက မုံကိုးခရိုင် မန်ရန် နှင့်ရှီကျိကျ တောင်တန်းသို့ စစ်ကောင်စီတပ်ဖွဲ့မှ ပစ်ခတ်ခဲ့သည့် လက်နက်ကြီးဗုံးသီး စုစုပေါင်း (၁၀၀)ကျော်ရှိကြောင်း ကိုးကန့်သတင်းဌာနက ထုတ်ပြန်ထားသည်။

Photo – The Kokang

===============

လွတ်လပ်တဲ့သတင်းမီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ရန် နည်းများမဆိုလှူဒါန်းနိုင်ပါတယ်။ လှူဒါန်းလိုတယ်ဆိုရင် ဒီလင့်ခ်ကို နှိပ်ပါ – https://bit.ly/3vPLY7e

 

သင့်ထင်မြင်ချက်ရေးပေးပါ