ဖားကန့်မြို့နယ်ရှိ နမ်ဂျန်ဒေသမှ စစ်ကောင်စီ၏ အောင်လဲန် (Aung Len) တပ်စခန်းကို ကချင်လွတ်မြောက်ရေးတပ်(KIA) မှ သိမ်းပိုက်ခဲ့ကြောင်း ကေအိုင်အေ၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက အတည်ပြုပြောကြားလိုက်သည်။

ကချင်လွတ်မြောက်ရေးတပ် (KIA) တပ်ဖွဲ့ဝင်များက ယနေ့နံနက်ပိုင်းတွင် နမ်ဂျန်ဒေုရှိ စစ်ကောင်စီ၏ တပ်စခန်း သုံးခုကို တိုက်ခိုက်ခဲ့ရာ တပ်စခန်းတစ်ခုကို သိမ်းပိုက်နိုင်ခဲ့ကြောင်း သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက The 74 Media ကိုပြောသည်။

“သုံးနေရာ တိုက်ခိုက်တဲ့အထဲ တစ်ခုကို သိမ်းလိုက်နိုင်တယ် လို့သိရပါတယ်၊ အောင်လဲန် ဆိုတာ ပေါ့၊ ကျန်တဲ့ နှစ်ခုကိုက သိမ်းလိုက်ပြီလား မသိမ်းသေးဘူးလား ခုလောလောဆယ် မသိသေးဘူး၊ ဒီမနက်တိုက်တာတွေက နမ်ဂျန်အုပ်စုတွေပဲ အားလုံးပေါ့၊ ခန့်မှန်းအင်အားဆိုရင် သုံးနေရာပေါင်းရင်တော့ အင်အား ၁၀၀ လောက်တော့ ရှိမယ်၊ တစ်စခန်းကို ၃၀ ဝန်းကျင်တော့ ရှိတယ်” ဟု သူကပြောသည်။

အင်တာနက်ဖြတ်တောက်ခံထားရဆဲဖြစ်သည့် ဖားကန့် ဒေသဘက်သို့ စစ်ရေးတင်းမာမှုများ ဆက်လက်ရှိနေဆဲဖြစ်ကြောင်း သူက ဆက်ပြောသည်။

“ဖားကန့်ဘက်က စစ်ပွဲက ဘာပဲဖြစ်ဖြစ် တင်းမာနေအုံးမယ်လို့တော့ ပြောရမှာပေါ့” ဟု သူကပြောသည်။

ယနေ့နံနက်တွင် ကချင်လွတ်မြောက်ရေးတပ် (KIA)တပ်ဖွဲ့ဝင်များက နမ်ဂျန်ဒေသတစ်လျောက်ရှိ နမ်ဂျန် (Nam Jan)၊ အောင်လဲန်(Aung Len)နှင့် ဆိုင်းရာ(Seng Ra)ရှိ စစ်ကောင်စီ၏ တပ်စခန်း သုံးခုကို သွားရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

တိုက်ပွဲဖြစ်ပွားချိန်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက တိုက်ပွဲဖြစ်ပွားရာ ဒေသများသို့ လေယာဉ်ဖြင့် လာရောက်ပစ်ကူခြင်းများ ၊ ဖားကန့်ဗျူဟာကုန်းနှင့် ကံဆီးဗျူဟာကုန်းမှ လက်နက်ကြီးများ ပစ်ခတ်မှုများ ပြုလုပ်ခဲ့သည်။

================

လွတ်လပ်တဲ့သတင်းမီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ရန် နည်းများမဆိုလှူဒါန်းနိုင်ပါတယ်။ လှူဒါန်းလိုတယ်ဆိုရင် ဒီလင့်ခ်ကို နှိပ်ပါ – https://bit.ly/3vPLY7e

 

သင့်ထင်မြင်ချက်ရေးပေးပါ