ဘိုကုန်းကျေးရွာ ကျောက်တန်းရေကာတာအနီး ယမန်နေ့ကပစ်ခတ်ခံရပြီး လက်နက်ကြီး ထိမှန်ခဲ့သည့် စစ်ကောင်စီ သင်္ဘောမှ တပ်သားသုံးဦးနှင့် သင်္ဘောမောင်းနှင်သူတစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ရွှေကူသို့ စစ်ကောင်စီတပ်၏ သင်္ဘောမရောက်မီ လူနာတင်ကားဖြင့် လာရောက်စောင့်ကြိုပြီး ည ၈ နာရီခန့်၌ သယ်ဆောင်သွားသည်ဟု လုံခြုံရေးကြောင့် အမည်မဖော်လိုသည့် ဒေသခံပြည်သူတစ်ဦးက The 74 Media ကိုပြောသည်။

“သင်္ဘောရောက်ခါနီး လူနာတင်ကားတွေစောင့်ပြီးသယ်သွားကြတာ။ လူနာတင်ကား နှစ်စီးတွေ့လိုက်တယ်။ စစ်သားသုံးယောက်သေပြီး သင်္ဘောသားတစ်ယောက်သေတယ်တဲ့။” ဟုပြောသည်။

ကျန်ရှိသည့် လက်နက် ရိက္ခာနှင့် တပ်သားများကို ခ.လ.ရ (၅၆) က စစ်ကားသုံးစီးဖြင့် လာရောက်တင်ဆောင်သွားကြောင်း သူကဆက်ပြောသည်။

နိုဝင်ဘာလ ၁၀ ရက်နေ့ နံနက်တွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက ရွှေကူဆေးရုံသုဿန်၌ အလောင်းခြောက်လောင်းကို လာရောက် သင်္ဂြိုဟ်သွားသည်ဟု မျက်မြင်တွေ့ရှိသူတစ်ဦးက The 74 Media ကိုပြောသည်။

“စစ်ကားတစ်စီး၊ လူနာတင်ကားတစ်စီးနဲ့ အိမ်စီးကားအနက်တစ်စီး အလောင်းခြောက်လောင်း၊ စစ်သားလည်း ရှစ်ယောက်လောက်ပါတယ်။ စစ်သားတွေရဲ့ ကတိပြုစာလိုလို စာလည်းရွတ်တယ်။” ဟုသူက‌ပြောသည်။

ထိုအလောင်း‌ခြောက်‌လောင်းသည် မည်သည့်‌နေရာမှ သယ်လာသည်ကို The 74 Media က ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

ကချင်ပြည်နယ်သို့ စစ်လက်နက် ရိက္ခာများ တင်ဆောင်၍ ဆန်တက်လာသည့် စစ်ကောင်စီ သင်္ဘောပေါ်မှ၊ လက်နက်ငယ် ရမ်းသမ်းပစ်ခတ်မှုများကြောင့် မြစ်ကမ်းဘေးတွင် နေထိုင်သည့် ဒေသခံပြည်သူများ လက်နက်ကြီးစ ထိမှန်မှုရှိပြီး၊ စစ်ကောင်စီသင်္ဘောများလည်း မကြာခဏ ပစ်ခတ်ခံရလျက်ရှိသည်။

ပုံ/ ရွှေကူမြို့နယ် ဘိုကုန်းကျေးရွာ ကျောက်တန်းရေကာတာအနီးတွင် ယမန်နေ့ ‌နိုဝင်ဘာ ၁၁ ရက်နေ့ ည ၅ နာရီခွဲခန့်၌ စစ်ကောင်စီသင်္ဘောပစ်ခတ်ခံရစဉ်

================

လွတ်လပ်တဲ့သတင်းမီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ရန် နည်းများမဆိုလှူဒါန်းနိုင်ပါတယ်။ လှူဒါန်းလိုတယ်ဆိုရင် ဒီလင့်ခ်ကို နှိပ်ပါ – https://bit.ly/3vPLY7e

 

သင့်ထင်မြင်ချက်ရေးပေးပါ