ကွတ်ခိုင်မြို့နယ်တွင် အဓမ္မပြုကျင့်ခံရသည့် အသက် ၆၂ နှစ်အရွယ်အမျိုးသမီးကို ယမန်နေ့ နိုဝင်ဘာ ၁၁ ရက် နံနက် ၁၀ နာရီခန့်က ပြစ်မှုကျူးလွန်သူမပါဝင်ဘဲ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့လာရောက် ဝန်ချတောင်းပန်ခဲ့ကြောင်း သိရသည်။

စစ်ကြောင်းမှူးနှင့် စစ်ကောင်စီတက်ဖွဲ့ဝင်အချို့က အခင်းဖြစ်ပွားခဲ့သော နေရာတွင် လာရောက်တောင်းပန်ပြီး ပြစ်မှုကျူးလွန်သည့် တပ်သားကို ကွတ်ခိုင်စစ်တပ်ထောင်တွင် ဖမ်းဆီးထားသည်ဟု သိရကြောင်း ဒေသခံ ရပ်မိရပ်ဖ တာဝန်ရှိသူ တစ်ဦးက The 74 Media ကိုပြောသည်။

“ပြစ်မှုကျူးလွန်တဲ့ စစ်သား မပါလာဘူး၊ စစ်သားကိုယ်တိုင် တောင်းပန်တာလိုချင်တာပေါ့ ဒါပေမဲ့ သူတို့က အချုပ်မှာထည့်လိုက်ပြီပြောတယ်၊ သူတို့ဗိုလ်ကြီးတွေကိုယ်တိုင် ရိုးရာပလိုင်းနဲ့ လာတောင်းပန်တယ်၊ ပြစ်မှုကျူးလွန်ခံရသူကို တောင်းပန်တယ်၊ ရွာသားတွေနဲ့ အမျိုးသမီးရေးရာကိုလည်း တောင်းပန်တယ်။” ဟု‌ သူကပြောသည်။

လာရောက်တောင်းပန်ချိန်တွင် စစ်ကောင်စီတပ်သားက ပြစ်မှုကျူးလွန်ခဲ့သည်ကို ဝန်ခံကြောင်း ယမန်နေ့က မြဝတီသတင်းတွင် ထုတ်ပြန်မည်ဟု စစ်ကြောင်းမှူးက ပြောသွားသည်ဟု သူကဆက်ပြောသည်။

ပြစ်မှုကျူးလွန်သူကို စစ်ခုံရုံးတွင်သာ ဆက်လက်စစ်‌ဆေးသွားမည်ဟု သိရပြီး နောက်ဆက်တွဲ အမှု အခြေအနေမသိရှိနိုင်ကြောင်း လိုက်ပါကူညီဆောင်ရွက်ပေးနေသည့် အမည်မဖော်လိုသူ အမျိုးသမီးတစ်ဦးက The 74 Media ကိုပြောသည်။

“စစ်ခုံရုံးကနေ စီရင်မယ်ဆိုပြီး အချုပ်မှာ ထည့်ထားပြီတဲ့၊ ကျွန်မတို့ မယုံမှာစိုးလို့ သူတို့ဓာတ်ပုံပြပါတယ်၊ ထောင်ဒဏ်က မချမှတ်သေးဘူး၊ ဘယ်စစ်ခုံရုံးမှာ စစ်မယ်ဆိုတာတော့ မသိဘူး၊ သူတို့စစ်တပ်မှာ သူတို့ဥပဒေရှိတယ် သူတို့ ခုံရုံးမှာ သူတို့ စစ်ဆေးမယ်လို့ပြောတယ်၊ အခုက ဖမ်းထားပြီဆိုတာပဲသိတယ်။” ဟု သူကပြောသည်။

ကျူးလွန်ခဲ့သည့် စစ်ကောင်စီတပ်သားသည် ဖယ်ခုံတပ်ရင်း ၃၃၆ မှ တပ်သားမင်းမင်းစိုးဖြစ်ပြီး တပ်ရင်း (၄၅)တွင် ဖမ်းဆီးချုပ်နှောင်ထားသည်ဟု စစ်ကြောင်းမှူး၏ ပြောကြားချက်အရသိရကြောင်း သူက ဆက်ပြောသည်။

ထိုသို့ ဖြစ်ပွားမှုသည် ဖားခတ်ကျေးရွာတွင် ပထမဆုံးအကြိမ်ဖြစ်ပြီးလက်ရှိအချိန်တွင် ပြစ်မှုကျူးလွန်ခံရသည့် အမျိုးသမီးနှင့် အတူနေထိုင်သည့် အမျိုးသမီးတို့ကို လုံခြုံသည့်နေရာတွင် ထားရှိကာ ဆေးကုသပေးနေရဆဲဖြစ်‌ကြောင်းသိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဖတ်လွန်းကျေးရွာအုပ်စု၊ ဖာခတ်‌ေကျးရွာတွင် နိုဝင်ဘာ ၇ ရက်နေ့က အသက် ၆၂ နှစ်အရွယ် အမျိုးသမီးကို တစ်ဦးတည်းခြံအတွင်း ရှိနေစဉ် ပါးစပ်ကို ပိတ်စဖြင့် ပိတ်၍ ရိုက်နှက်မှုများ ပြုကာ အဓ္ဓမပြုကျင့်ခဲ့သည်ကို သက်သေနှင့်တစ်ကွ ဖမ်းမိခဲ့ခြင်းဖြစ်သည်။

နမ့်ဖတ်လွန်းကျေးရွာအုပ်စုသည် ၂၀၁၄ သန်းခေါင်စာရင်းအရ လူဦးရေ စုစုပေါင်း ၈၉၉ ဦး နေထိုင်‌သော ဒေသတစ်ခုဖြစ်သည်။

================

လွတ်လပ်တဲ့သတင်းမီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ရန် နည်းများမဆိုလှူဒါန်းနိုင်ပါတယ်။ လှူဒါန်းလိုတယ်ဆိုရင် ဒီလင့်ခ်ကို နှိပ်ပါ – https://bit.ly/3vPLY7e

 

သင့်ထင်မြင်ချက်ရေးပေးပါ