စစ်ကောင်စီစစ်ကြောင်းက ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့ရှိ လာတူးရွာကို ယမန်နေ့က မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

လာတူးရွာသစ်အနီးတွင် နိုဝင်ဘာ ၇ ရက်နေ့နှင့် ၈ရက်နေ့တို့တွင် စစ်ကောင်စီတပ်နှင့် ဒေသခံပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်ခဲ့ပြီးနောက် လာတူးရွာကို စစ်ကောင်စီတပ်က မီးရှို့ခဲ့ကြောင်း လုံခြုံရေးကြောင့် အမည်မဖော်လိုသူ သတင်းရင်းမြစ်တစ်ဦးက The 74 Media ကိုပြောသည်။

“သူတို့(စစ်ကောင်စီ) လတူး ချောင်းထဲကနေ ထိုးစစ်ဆင်လာပြီးတော့ မီးရှို့တယ်။ ဘယ်အချိန်လောက်ကလဲဆိုတာ အတိအကျ မသိရလို့ပါ။ အဲ့ဒီနားက တော်တော်များများ မီးရှို့ခံရတယ်လို့ဘဲ ကြားတယ်။ နေအိမ်က မီးငြိမ်းလိုက်နိုင်တာမရှိဘူး” ဟုသူကပြောသည်။

စစ်ကောင်စီတပ်မီးရှို့ဖျက်ဆီးလိုက်သော လာတူးရွာတွင် အိမ်ခြေ ၃၀ ကျော်ရှိပြီး လက်ရှိအချိန်တွင် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း လုံခြုံရေးကြောင့် အမည်မဖော်လိုသည့် အခြားဒေသခံတစ်ဦးက ပြောသည်။

“ရွာက တစ်ရွာလုံး မီးရှို့ခံရတယ်။ အခု အကုန်ရှောင်နေတယ်။ အဆက်အသွယ်မရသေးဘူး ဖြစ်နေတယ်” ဟုပြောသည်။

လာတူးကျေးရွာအပြင် ဖယ်ခုံမြို့နယ်ရှိ လွယ်ဟွဲကျေးရွာကိုလည်း စစ်ကောင်စီစစ်ကြောင်းက နိုဝင်ဘာလ ၄ ရက်နေ့က မီးရှို့ခဲ့သောကြောင့် နေအိမ်သုံးလုံး မီးလောင်ပြာကျခဲ့သည်။

ဖယ်ခုံမြို့နယ်တွင် နိုဝင်ဘာ ၇ ရက်နေ့နှင့် ၈ ရက်နေ့တို့တွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်မှ ထိခိုက်ကျဆုံးမှုရှိသော်လည်း အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်မှ ထုတ်ပြန်ခဲ့သည်။

ပုံ/ မီးလောင်နေသည့် လာတူးရွာကို အဝေးမှမြင်တွေ့ရစဉ်။ (Photo -CJ)

===============

လွတ်လပ်တဲ့သတင်းမီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ရန် နည်းများမဆိုလှူဒါန်းနိုင်ပါတယ်။ လှူဒါန်းလိုတယ်ဆိုရင် ဒီလင့်ခ်ကို နှိပ်ပါ – https://bit.ly/3vPLY7e

 

သင့်ထင်မြင်ချက်ရေးပေးပါ