မုံကိုးခရိုင်နှင့် မူပန်ခရိုင်(သိန္နီ)တို့တွင် စစ်အင်အားတိုးချဲ့လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ စစ်ယာဉ်တန်းကို ကိုးကန့်(MNDAA)တပ်ဖွဲ့များက ယမန်နေ့ နိုင်ဝင်ဘာ ၁၁ ရက်နေ့တွင် ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကား (၉) စီး ပျက်ဆီးခဲ့ကြောင်း ကိုးကန့်အခြေစိုက်သတင်းဌာနက ဖော်ပြထားသည်။

သိန္နီခရိုင်၊ နမ့်စလပ် မှ ကွမ်းလုံဒေသသို့ စစ်ကား (၂၈) စီး ပါသည့် စစ်ကောင်စီယာဉ်တန်းကို ကိုးကန့် (MNDAA) တပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး စစ်ကား နှစ်စီးပျက်စီးသွားခြင်းဖြစ်သည်။

အလားတူ မုံကိုးခရိုင်၊ ဟွာချောင်ရွာ တောင်ကုန်းမှ နံနက် ၉ နာရီခန့်တွင် အင်အားတိုးချဲ့လာသည့် စစ်ကား နှစ်စီးကိုလည်း MNDAA တပ်ဖွဲ့ဝင်များက ထပ်မံဖျက်ဆီးခဲ့သည်။

နမ့်စလပ်မှ ကွမ်းလုံဒေသသို့ အင်အားတိုးချဲ့လာသည့် အဆိုပါစစ်ကြောင်းသည် ညနေ ၄ နာရီခန့်တွင် (၃၇)နှင့် (၃၈) မိုင်ကြားသို့ ရောက်ရှိလာစဉ် ကိုးကန့် (MNDAA) တပ်ဖွဲ့များက ထပ်မံ တိုက်ခိုက်ခဲ့ပြီး စစ်ကား ငါးစီး ထပ်မံပျက်စီးခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များက စစ်ယာဉ်တန်း ပျက်စီးခံရသောကြောင့် မုံကိုးခရိုင်၊ ပန်ရင်လပ ရှိ ကိုးကန့် (MNDAA) တပ်စခန်းကို နံနက် ၁၀ နာရီခွဲဝန်းကျင်မှ ထိုးစစ်ဆင်တိုက်ခိုက်မှုများ ပြုလုပ်လာပြီး ညနေ ၄ နာရီခန့်အချိန်ထိ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့သည်။

နှစ်ဖက်တိုက်ပွဲဖြစ်ပွားမှုများကြောင့် တိုက်ပွဲဖြစ်ပွားရာ ဒေသမှ ပြည်သူအများအပြား စစ်ရှောင်နေရဆဲဖြစ်ပြီး နိုဝင်ဘာ ၇ ရက်နေ့တွင်လည်း ပြောင်းဖူးခင်းသွားသည့်ဒေသခံ အမျိုးသားတစ်ဦးကို စစ်ကောင်စီက အကြောင်းမဲ့ ပစ်သတ်ခဲ့သည်။

ရှမ်းပြည်နယ်မြောက်ပိုင်း မုံးကိုးဒေသ စစ်ရေးတင်းမာနေမှုကို လျော့ကျစေလိုသော ရည်ရွယ်ချက်ဖြင့် ကိုးကန့်(MNDAA)တပ်ဖွဲ့ဗဟိုဌာနချုပ်မှ မူဆယ်ခရိုင်၊ မုံးကိုးဒေသတွင် တပ်စွဲထားသည့် နေရာ ၃ ခုမှ ဆုတ်ခွာတော့မည်ဟု နိုဝင်ဘာလ ၁၀ ရက်နေ့တွင် ကိုးကန့် သတင်းမှ ထုတ်ပြန်ထားသည်။

ပုံ/ ၂၀၁၉ ခုနှစ်အတွင်းက ဝိုင်းမော်မြို့နယ် နမ်ဆန်ယန်ကျေးရွာ၌ တွေ့ရသော စစ်ကောင်စီယာဉ်တန်း

================

လွတ်လပ်တဲ့သတင်းမီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ရန် နည်းများမဆိုလှူဒါန်းနိုင်ပါတယ်။ လှူဒါန်းလိုတယ်ဆိုရင် ဒီလင့်ခ်ကို နှိပ်ပါ – https://bit.ly/3vPLY7e

 

သင့်ထင်မြင်ချက်ရေးပေးပါ