မိုးညှင်းမြို့နယ်၊ ဟိုပင်မြို့ရှိ လက်ဖက်ရည်ဆိုင်တွင် ယနေ့ နံနက် ၈ နာရီခန့်က အမည်မသိ လက်နက်ကိုင် လူတစ်စုက ဆိုင်အတွင်းသို့ ရမ်းသမ်းပစ်ခတ်သောကြောင့် လေးဦးသေဆုံးသွားကြောင်း ကနဦး သိရသည်။

ဟိုပင်မြို့အ.ထ.က ကျောင်းအနီးရှိ ထူးထိုက်စံလက်ဖက်ရည်ဆိုင်ထဲသို့ ကားတစ်စီးဖြင့် လာရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ဒဏ်ရာပြင်းထန်သူများကို မြစ်ကြီးနားသို့ ပို့ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။

“ပစ်သွားပြီ၊ လက်ဖက်ရည်ဆိုင်ထဲကို ကားနဲ့လာပြီး ပစ်သွားတာပေါ့၊ လေးယောက်ပွဲချင်းပြီးဆုံးတာပေါ့၊ တစ်ချို့ကို မြစ်ကြီးနားပို့လိုက်ပြီ” ဟု သူကပြောသည်။

ပစ်ခတ်မှုကြောင့် အရပ်သားသုံးဦးသေဆုံးပြီး သံဃာတစ်ပါးကွယ်လွန်ခဲ့သည့်အပြင် ဆိုင်အနီး စက်ဘီးစီးနေသည့် ဆိုင်ပိုင်ရှင်၏ အသက် ၅ နှစ်ခန့် ကလေးငယ်တစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ရကြောင်း သူကဆက်ပြောသည်။

အဆိုပါ လက်ဖက်ရည်ဆိုင်သည် ယခင်က စစ်ကောင်စီသတင်းပေးတစ်ဦး ဖမ်းခံရသည့်ဆိုင်ဖြစ်သောကြောင့် ပျူစောထီးများ လာရောက်ပစ်ခတ်ခြင်းဖြစ်သည်ဟု အမည်မဖော်လိုသူ သတင်းရင်းမြစ်တစ်ဦးက The 74 Media ကိုပြောသည်။

“ပြီးခဲ့တဲ့အပတ်က သေသွားတဲ့ စစ်တပ်ကို ဆန္ဒပြသူတွေရဲ့ သတင်းတွေပေးပေးနေတဲ့ ထွန်းထွန်းဝင်းဆိုတဲ့ သူကို အဲ့လက်ဖက်ရည်ဆိုင်မှာ ဖမ်းမိဖူးတယ်၊ အဲ့တော့ လက်ဖက်ရည်ဆိုင်ကို အငြိုးထားပြီး ပျူစောထီးတွေ လာပစ်တာ” ဟု သူကပြောသည်။

ဦးထွန်းထွန်းဝင်းဆိုသူသည် အောက်တိုဘာလ ၂၉ ရက်နေ့၊ နံနက် ၉ နာရီခွဲခန့်က ပစ်ခတ်သတ်ဖြတ်ခံခဲ့ရပြီး ဒေသခံအများစုက ဒလန်ဟု စွပ်စွဲထားသူဖြစ်သည်။

ပစ်ခတ်မှုတွင် ချေမှူန်းရေးရိုင်ဖယ်များကို အသုံးပြုပစ်ခတ်သွားခြင်းဖြစ်ပြီး ရမ်းသမ်းပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု သတင်းရင်းမြစ်တစ်ဦးက ဆိုသည်။

“ကားနဲ့လာသွားတာ (သေနတ်) အရှည်နဲ့ပစ်သွားတာ PDFက တွေဆိုရင် သေချာတဲ့ တစ်ယောက်ကိုပဲ လာပစ်တာလေ၊ အဲ့ဆိုင်က PDFတွေလာထိုင်တယ် ဆိုပြီး အငြိုးနဲ့လာပစ်တာတဲ့၊ ပျူစောထီးတွေ ရမ်းသမ်းပြီး အကပ်လိုက်လာဆွဲသွားတာပေါ့” ဟု သူကပြောသည်။

ယနေ့နံနက်ပစ်ခတ်မှုသည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ လက်ချက်မဟုတ်ကြောင်း ကချင်ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ဟိုပင်) (KPDF -Hopin) က စာထုတ်ပြန်ထားသည်။

ဟိုပင်မြို့တွင် ဒလန်ဟုစွပ်စွဲခံရသူများ မကြာခဏပစ်ခတ်သတ်ဖြတ်ခံရပြီး အောက်တိုဘာ ၂၉ ရက်နေ့တွင် ဦးထွန်းထွန်းဝင်းနှင့် ၁၂ ရက်နေ့တွင် ဒေါ်မိမာဝင်းတို့ လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည်။

================

လွတ်လပ်တဲ့သတင်းမီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ရန် နည်းများမဆိုလှူဒါန်းနိုင်ပါတယ်။ လှူဒါန်းလိုတယ်ဆိုရင် ဒီလင့်ခ်ကို နှိပ်ပါ – https://bit.ly/3vPLY7e

 

သင့်ထင်မြင်ချက်ရေးပေးပါ