ဟိုပင်မြို့ မြဇေယျာရပ်ကွက်ရှိ စံပယ်ဖြူထမင်းဆိုင်အနီးတွင် ယနေ့နံနက် ၉ နာရီခွဲခန့်က ပြည်သူတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံလိုက်ရကြောင်း သိရသည်။

သေနတ်သံကြား၍ သွားကြည့်ချိန် မြသီတာရပ်ကွက်တွင် နေထိုင်သူ အသက် ၅၀ အရွယ် ဦးထွန်းထွန်းဝင်း လဲကျသေဆုံးနေသည်ကို တွေ့ခဲ့ရသည်ဟု ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။

“ဘယ်သူပစ်လိုက်လဲတော့ မမြင်လိုက်ဘူး သေနတ်သံ သုံးချက်ဟုတ်တယ်။ လမ်းမကြီးဘေးနားမှာပဲ ခပ်ဝဝ အမျိုးသားတစ်ဦး သေနေတာ” ဟု သူကပြောသည်။

သေဆုံးသူအမျိုးသားမှာ ဒလန်ဟုယူဆရသည့်အတွက် အသတ်ခံလိုက်ရသည်ဖြစ်နိုင်ကြောင်း သူကဆက်ပြောသည်။

သတင်းရင်းမြစ်၏ သေဆုံးသူအမျိုးသားသည် ဒလန်ဖြစ်နိုင်သည်ဟု ယူဆချက်နှင့်ပတ်သက်ပြီး The 74 Media က သီးခြားအတည်ပြုနိုင်ခြင်း မရှိပါ။

စစ်ကောင်စီတပ်ဖွဲ့ဝင် ရဲများက သေဆုံးသူရုပ်အလောင်းကို လူနာတင်ကားဖြင့် လာရောက် တင်ဆောင်သွားကြောင်း သိရသည်။

ဟိုပင်မြို့တွင် လွန်ခဲ့သည့် အောက်တိုဘာလ ၁၂ ရက်နေ့ကလည်း ပျူစောထီးအတွက် စည်းရုံးရေးဆင်းနေသည့် အမျိုးသမီးတစ်ဦးကို ဟိုပင် PDF မှ ရှင်းလင်းခဲ့သည်။

================

လွတ်လပ်တဲ့သတင်းမီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ရန် နည်းများမဆိုလှူဒါန်းနိုင်ပါတယ်။ လှူဒါန်းလိုတယ်ဆိုရင် ဒီလင့်ခ်ကို နှိပ်ပါ – https://bit.ly/3vPLY7e

 

သင့်ထင်မြင်ချက်ရေးပေးပါ