မြစ်ကြီးနား-ဖားကန့်ကားလမ်းပေါ်ရှိ စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်များတွင် ခရီးသွားအမျိုးသားတစ်ဦးလျင် ငွေကျပ် ၅၀၀၀ ပေး၍ ဖြတ်သန်းနေရကြောင်း သိရသည်။

ကာမိုင်းစစ်ဆေးရေးဂိတ်တွင် အရပ်ဝတ်ဖြင့် ငွေကောက်ခံနေခြင်း ဖြစ်သည်ဟု မန္တလေး-ဖားကန့် ပြေးဆွဲနေသည့်ယာဉ်လိုင်းမှ ယာဉ်မောင်းတစ်ဦးက The 74 Media ကိုပြောသည်။

“စစ်တပ်ကတောင်းတာ ယောကျာ်းလေးတက်ခွင့် မရှိဘူးပြောတာပဲ၊ ကျားပါလာရင် ကားဆရာကိုကပ်ပြီး တစ်ယောက် ၅ထောင် တောင်းခိုင်းတယ်၊ သွားလာရေး အဆင်ပြေအောင် ပေးနေကြရတာ၊ ကာမိုင်းဂိတ်မှာ အရပ်ဝတ်နဲ့တောင်းတာ။” ဟုသူကပြောသည်။

ဂိတ်တွင် ယူနီဖောင်းနှင့် အရပ်ဝတ်များလည်း ရှိပြီး ငွေရနိုင်သောသူကို တောင်းခြင်းဖြစ်နိုင်သည်ဟု သူကဆက်ပြောသည်။

ခရီးသွားပြည်သူများသည် တိုက်ပွဲဖြစ်ပွားနေသော ဒေသမှ မှတ်ပုံတင်ကိုင်ဆောင်ထားသည့် လူငယ် ယောက်ျားလေးဖြစ်ပါက ပိုမိုစစ်ဆေးမှုပြုလုပ်ပြီး ငွေကြေးတောင်းခံမှုများရှိကြောင်း မြစ်ကြီးနား – ဖားကန့် ယာဉ်လိုင်းပြေးဆွဲနေသည့် အခြားယာဉ်မောင်းတစ်ဦးက The 74 Media ကိုပြောသည်။

“ကားမှာ လူငယ်ယောကျာ်းလေးတွေပါရင် စစ်တာ၊ ယောကျာ်းလေးတစ်ယောက်က အခု တိုက်ပွဲဖြစ်နေတဲ့ နေရာက မှတ်ပုံတင်ဖြစ်နေတယ်ဆိုရင် ဖားကန့်ကို မသွားခိုင်းတာတွေရှိတယ်။ အဲ့လို ခရီးသည်တွေက ဆက်သွားချင်တယ်ဆိုရင် ငါးထောင်လောက် ပြန်ပေးရတယ်” ဟု သူကပြောသည်။

စစ်ဆေးရေးဂိတ်များတွင် ကိုဗစ်ကာကွယ်ဆေးထိုးပြီးကြောင်း လက်မှတ်နှင့် ရပ်ကွက်တွင် နေထိုင်ကြောင်း ထောက်ခံစာများပါ စစ်ဆေးမှုပြုလုပ်လျက်ရှိသည်ဟု သူကဆက်ပြောသည်။

အာဏာသိမ်းပြီးနောက် မန္တလေးမြို့ မတ္တရာလမ်းမှ ဖားကန့်မြို့သို့ သွားသော လမ်းတစ်လျောက်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်ဆေးရေးဂိတ်များသည် ၆ ဂိတ်မှ ၉ ဂိတ်ထိ တိုးလာပြီး စစ်ဆေးမှုနှင့် ဖမ်းဆီးမှုများလည်း တင်းကြပ်လျက်ရှိသည်။

================

လွတ်လပ်တဲ့သတင်းမီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ရန် နည်းများမဆိုလှူဒါန်းနိုင်ပါတယ်။ လှူဒါန်းလိုတယ်ဆိုရင် ဒီလင့်ခ်ကို နှိပ်ပါ – https://bit.ly/3vPLY7e

 

သင့်ထင်မြင်ချက်ရေးပေးပါ