ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲမြို့ရှိ စည်ကား(၁)ရပ်ကွက်တွင် ယနေ့နံနက် ခုနစ်နာရီခန့်က စစ်ကောင်စီတပ်ဖွဲ့၏ ရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူတစ်ဦးသေဆုံးကာ နှစ်ဦးဒဏ်ရာရရှိသွား​ကြောင်း သိရသည်။

တိုက်ပွဲပုံစံပစ်ခတ်မှုမဟုတ်ဘဲ ရမ်းသမ်းပစ်ခတ်မှုကြောင့် နေအိမ်အတွင်း လက်နက်ထိမှန်၍ သေဆုံးဒဏ်ရာရခြင်းဖြစ်​သည်ဟု ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။

“ကျွန်တော်တို့မိုးဗြဲကို သူတို့အင်အား ၂၀၀ လောက်နဲ့စစ်ကြောင်းထိုးပြီး မြို့ထဲဝင်လာတော့ သေနတ်ဖောက်ပြီး ပစ်သွားတယ်ဗျ။ ပြည်သူသုံးဦးကတော့ ထိတယ်။ ပြည်သူတွေရဲ့နေအိမ်ထိလို့ ပြည်သူတွေဒဏ်ရာရပြီး ထိခိုက်သေဆုံးတာ။ တစ်ဦးကတော့ဆုံးသွားပြီ။ တစ်ဦးကတော့ အပြင်းအထန် ဒဏ်ရာရလို့ လွိုင်ကော်ဆေးရုံကြီးကို ပို့လိုက်ပြီဗျ။ ပြည်သူယောက်ျားလေးတစ်ဦး တောင်ယာကနေ ပြန်လာတော့ စကစဘက်က ရမ်းသမ်းပစ်လို့ ဗိုက်ကိုကျည်ရှပ်ထိသွားတာ”ဟု ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့များသည် မိုးဗြဲအခြေစိုက် ခမရ ၄၂၂ တပ်မှလည်း လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုများကြောင့် ပြည်သူများအား ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်​နေသည်ဟု သူကပြောသည်။

မိုးဗြဲမြို့တွင် လွန်ခဲ့သည့် မေလ ၂၃ ရက်နေ့က ​ဒေသခံ PDF တပ်ဖွဲ့ မှ မိုးဗြဲရဲစခန်းအား တိုက်ခိုက်သိမ်းပိုက်စဥ် ဒု-ရဲအုပ်အပါအဝင် ရဲလေးဦးနှင့် စစ်သား ၁၀ဦး စုစုပေါင်း ၁၄ ဦးသေဆုံးခဲ့သည်ဟု သိရသည်။

===============

လွတ်လပ်တဲ့သတင်းမီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ရန် နည်းများမဆိုလှူဒါန်းနိုင်ပါတယ်။ လှူဒါန်းလိုတယ်ဆိုရင် ဒီလင့်ခ်ကို နှိပ်ပါ – https://bit.ly/3vPLY7e

 

သင့်ထင်မြင်ချက်ရေးပေးပါ