ကချင်လွတ်မြောက်ရေးတပ် (KIA) က ပိတ်ဆို့ထားသည့် စစ်ကောင်စီတပ်ကို ကယ်ထုတ်နိုင်ရန် စစ်အင်အားအလုံးအရင်းဖြင့် ချီတက်လာသဖြင့် ကေအိုင်အေနှင့် ရွှေကူ PDF ပူပေါင်းတပ်တို့နှင့် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ကြောင်း သိရသည်။

ပိန်းခွန်ရွာတွင် ပိတ်မိနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ကယ်ထုတ်ရန် အင်အား ၃၀၀ ခန့်က ထိုးစစ်ဆင်လာသောကြောင့် ရွှေငြိမ်းချမ်းကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းဖြစ်သည်ဟု ဖြစ်စဉ်နှင့် နီးစပ်သည့် အမည်မဖော်လိုသူ တစ်ဦးက The 74 Media ကိုပြောသည်။

“စစ်ကောင်စီဘက်က ထိုးစစ်ဆင်ခဲ့တာပါ သူတို့က ခြောက်လတစ်ကြိမ် တပ်ချိန်းတာကိုး။ ပိန်းခွန်ရွာမှာ KIA တွေ ပိတ်ထားတဲ့ တပ်တစ်တပ်ရှိတယ်။ မိုင်းတွေနဲ့ ဝိုင်းပြီးဝိုက်ထားတာ ထွက်လို့မရအောင်။ အဲ့တပ်ကို ကယ်ထုတ်ချင်တဲ့ သဘောပေါ့” ဟုသူကပြောသည်။

စစ်ကောင်စီတပ်တို့သည် ကျောက်ကြီးကျေးရွာမှ ပိန်းခွန်ရွာသို့ တက်လာချိန် ရွှေမှော်ကားလမ်းဘေးရှိ ဆန်ဆိုင်ကိုရိုက်ဖွင့်၍ ရိက္ခာဆန်များ သယ်သွားပြီး ဆိုင်ကိုဖျက်ဆီးသွားကြောင်း သူကဆက်ပြောသည်။

ရွှေကူမြို့နယ် ရွှေငြိမ်းချမ်းရပ်ကွက်အနီးတွင် အောက်တိုဘာ ၁၂ ရက်နေ့ကလည်း စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပြီး အယောက် ၄၀ ခန့် ဒဏ်ရာရရှိကာ ကားဖြင့် ပြန်သယ်သွားကြောင်း သိရသည်။

ရွှေကူမြို့နယ်သည် စစ်အာဏာသိမ်းပြီးနောက်ပိုင်း တိုက်ပွဲအဖြစ်များသည့် မြို့နယ်တစ်ခုဖြစ်ပြီး ရေကြောင်းဖြင့် လူသူလက်နက်သယ်ပို့သည့် စစ်ကောင်စီတပ်၏ သင်္ဘောများ မကြာခဏတိုက်ခိုက်ခံရသည့် နေရာဖြစ်သည်။

================
လွတ်လပ်တဲ့သတင်းမီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ရန် နည်းများမဆိုလှူဒါန်းနိုင်ပါတယ်။ လှူဒါန်းလိုတယ်ဆိုရင် ဒီလင့်ခ်ကို နှိပ်ပါ – https://bit.ly/3vPLY7e
သင့်ထင်မြင်ချက်ရေးပေးပါ