ရိက္ခာပြတ်လပ်နေသော စစ်ရှောင်စခန်းသို့ ရိက္ခာပို့ပြီး ပြန်လည်သည့် မော်တော်ယာဉ်တိမ်းမှောက်မှုကြောင့် Free Burma Ranger-Karenni အဖွဲ့မှ အဖွဲ့ဝင်တစ်ဦး ကျဆုံးသွားကြောင်းသိရသည်။

ကျဆုံးသွားသည့် တပ်ဖွဲ့ဝင်ကို ယမန်နေ့တွင်သင်္ဂြိုလ်ခဲ့ပြီး ဒဏ်ရာရခဲ့သူတစ်ဦးသည် ဆေးကုသမှုခံယူနေသည်ဟု သတင်းရင်းမြစ်တစ်ဦးက The 74 Media ကိုပြောသည်။

“ဖြစ်တာက အောက်တိုဘာလ ၁၁ ရက်နေ့က ဖြစ်တာပါ။ သေဆုံးသူကိုတော့ မနေ့ကတော့ သင်္ဂြိုလ်ပြီးသွားပြီ။ ရိက္ခာပို့ပေးပြီး အပြန်မှာ ဖြစ်သွားတာပါ။ အဲ့ကားပေါ်မှာ ရှစ်ယောက်ပါတယ်။ တစ်ယောက်က ဒဏ်ရာရသွားတယ်။ ကျန်တဲ့သူတွေတော့ ထိခိုက်ဒဏ်ရာမရှိဘူး”ဟု ပြောသည်။

ကျဆုံးသွားသူမှာ အသက် ၃၆ နှစ်အရွယ် ဦးစေရယ်ဖြစ်ပြီး သားသမီးနှစ်ဦးကျန်ရစ်ခဲ့ကြောင်း သူကပြောသည်။

Free Burma Ranger-Karenni တပ်ဖွဲ့သည် ဒီးမော့ဆိုမြို့နယ်တွင် တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူများအား ထောက်ပံ့ကူညီမှုများနှင့် တိုက်ပွဲအတွင်း ပိတ်မိနေသည့် ပြည်သူများကိုလည်း ဘေးလွတ်ရာကို ရွေ့ပြောင်းကူညီပေးမှုများ ဆောင်ရွက်နေသည့်အဖွဲ့ဖြစ်သည်။

အမေရိကန်စစ်တပ် အထူးတပ်ဖွဲ့ဝင်ဟောင်း ဒေးဗစ်ယူဘန့်ဦးဆောင်သော ဖရီးဘားမားရိန်းဂျား (Free Burma Ranger) အဖွဲ့ကို ၁၉၉၇ ခုနစ်တွင်တည်ထောင်ခဲ့ပြီး မြန်မာနိုင်ငံတွင်သာမက ကာဒစ္စတန်၊ အီရတ်၊ ဆီးရီးယားစသည့်နိုင်ငံများ၌ စစ်ရေးပဋိပက္ခအတွင်း လူသားချင်းစာနာမှုလုပ်ငန်းများကို ဆောင်ရွက်နေသည့် အဖွဲ့ဖြစ်သည်။

Photo – CJ

================

လွတ်လပ်တဲ့သတင်းမီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ရန် နည်းများမဆိုလှူဒါန်းနိုင်ပါတယ်။ လှူဒါန်းလိုတယ်ဆိုရင် ဒီလင့်ခ်ကို နှိပ်ပါ – https://bit.ly/3vPLY7e

သင့်ထင်မြင်ချက်ရေးပေးပါ