စစ်ကောင်စီတပ်ဖွဲ့ဝင်များ လိုင်စင်မဲ့ယာဉ်စစ်ဆေးဖမ်းဆီးလေ့ရှိသည့် ဗန်းမော်မြို့ရှိ နန်းသီတာမီးပွိုင့်အနီး ယနေ့ နံနက် ၈ နာရီခန့်က ဗုံးပေါက်ကွဲခဲ့ကြောင်း သိရသည်။

နန်းသီတာမီးပွိုင့်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကားနှင့် ဆိုင်ကယ်များကို လိုင်စင်စစ်ဆေးမှုများ မကြာခဏပြုလုပ်သောကြောင့် ဖြစ်နိုင်သည်ဟု ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။

“ခါတိုင်းအဲ့နားမှာ ရဲတွေစစ်သားတွေစောင့်ပီးလိုင်စင်စစ်တာ။ အဲဒါကြောင့်ထင်တယ်။ လူထိတာတော့ မကြားမိဘူး။ နန်းသီတာ ဘီယာဆိုင်တော့မှန်ကွဲသွားတယ်။” ဟုသူကပြောသည်။

ဗန်းမော်မြို့ နန်းသီတာမီးပွိုင့်အနီးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် စက်တင်ဘာ ၂၈ ရက်က လိုင်စင်မဲ့ ယာဉ်များကို ရှောင်တခင်စစ်ဆေးပြီး ဆိုင်ကယ်အစီး ၁၀၀ ထက်မနည်း သိမ်းဆည်းခံခဲ့ရသည်။

ဗန်းမော်ခရိုင် မိုးမောက်မြို့ ကြေးနန်းရပ်ကွက် ဘုန်းကြီးကျောင်းအနီးတွင်လည်း စက်တင်ဘာ ၃၀ ရက်နေ့က မပေါက်ကွဲသေးသောမိုင်းသုံးလုံး တွေ့ရှိခဲ့သည်။

မိုးမောက်မြို့နယ် လွယ်ဂျယ်လမ်းခွဲ မိုးမောက်ကျောက်တိုင်အနီးတွင်လည်း စက်တင်ဘာ ၂၇ ရက်နေ့က ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ သုံးဘီးယာဉ်မောင်းတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဆိုင်ကယ်တစ်စီးနှင့် သုံးဘီးတစ်စီး မီးလောင်ပျက်စီးခဲ့သည်။

================

လွတ်လပ်တဲ့သတင်းမီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ရန် နည်းများမဆိုလှူဒါန်းနိုင်ပါတယ်။ လှူဒါန်းလိုတယ်ဆိုရင် ဒီလင့်ခ်ကို နှိပ်ပါ – https://bit.ly/3vPLY7e

 

သင့်ထင်မြင်ချက်ရေးပေးပါ