ကေအိုင်အေနှင့်ပတ်သက်ဆက်နွယ်နေသည်ဟု စစ်ကောင်စီကစွပ်စွဲဖမ်းဆီးခဲ့သည့် ဒုတ္ထန်ကျေးရွာမှ အမျိုးသားတစ်ဦးကို ယမန်နေ့က နမ်ဟော့အကျဉ်းထောင်သို့ ပို့ဆောင်လိုက်ပြီဖြစ်ကြောင်း သိရသည်။

စက်တင်ဘာလ ၂၄ ရက်နေ့တွင် ဖမ်းဆီးအမှုဖွင့်ခံရသည့် အသက် (၅၀) အရွယ် ဦးဒိန်ခန်ဆင်ဇီကို စစ်ကောင်စီက မတရားအသင်း ဆက်သွယ်မှုအက်ဥပဒေ ၁၇ (၁) ဖြင့် တရားစွဲဆိုခံထားရသည်ဟု နီးစပ်သူတစ်ဦးက The 74 Media ကိုပြောသည်။

“ဒီနေ့တော့ နမ်ဟော့ထောင် ရောက်သွားပြီပြောတယ်။ ရုံးချိန်းတော့ မသိသေးဘူး။ မိသားစုနဲ့တော့ တွေ့ခွင့်မရပါဘူး အရင်အပတ်က ကိုယ် ကိုက်ခဲတယ်လို့ သိရတယ်။ ဆေးပို့ပေးထားတာ ကိုက်ခဲတာတော့ သက်သာပြီပြောတယ် သူက အစာအိမ်ရောဂါလည်းရှိတယ်” ဟု သူကပြောသည်။

KIA တွင် စစ်သင်တန်းတက်ရောက်ရန် စည်းရုံး၍ လိုက်ပါပို့ဆောင်သည်ဟူသော စွပ်စွဲချက်ဖြင့် ဦးဒိန်ခန်ဆင်ဇီ နှင့်အတူ မဒိန်ခန်ခေါ်ဇီတို့ကို ခ.လ.ရ (၄၆) ကြည်းမှ ဒုဗိုလ်အောင်ခန့်သူက တရာလိုပြုလုပ်၍ အမှုဖွင့်ထားခြင်းဖြစ်သည်ဟု သူကဆက်ပြောသည်။

ဦးဒိန်ခန်ဆင်ဇီကို စက်တင်ဘာလ ၂၄ ရက်နေ့က ဒုတ္တန်ရပ်ကွက်ရှိ နေအိမ်မှ လာရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး မဒိန်ခန်ခေါ်ဇီသည် စက်တင်ဘာ ၁၀ ရက်နေ့က ဖမ်းဆီးခံခဲ့ရသည်။

ကချင်ပြည်နယ် နောင်မွန်မြို့နယ်မှ ဓမ္မဆရာသုံးဦးကိုလည်း ပုဒ်မ ၅၀၅(က) ဖြင့် တရားစွဲဆိုထားပြီ နမ်ဟော့အကျဉ်းထောင်တွင် ဖမ်းဆီးခံထားရဆဲဖြစ်သည်။

================

လွတ်လပ်တဲ့သတင်းမီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ရန် နည်းများမဆိုလှူဒါန်းနိုင်ပါတယ်။ လှူဒါန်းလိုတယ်ဆိုရင် ဒီလင့်ခ်ကို နှိပ်ပါ – https://bit.ly/3vPLY7e

သင့်ထင်မြင်ချက်ရေးပေးပါ