ပြည်သူ့ကာကွယ်ရေးတပ် (PDF) များရှိသည့်နေရာကို လိုက်လံပြသပေးခဲ့သည်ဟုဆိုသည့် စစ်ကိုင်းတိုင်းဒေသကြီး ဝက်လက်မြို့ ရှိ ဒလန်လင်မယားနှစ်ဦး ယနေ့ အောက်တိုဘာလ ၁၄ ရက် နံနက် ၁၁ နာရီခန့်က ပစ်သတ်ခံရကြောင်း သိရသည်။

ဝက်လက် – ရှိမ်းမကားလမ်းပေါ်တွင် ပစ်သတ်ခံရသည့် ဦးသိန်းတန်နှင့် ဒေါ်ရီသန့်တို့သည် စစ်ကောင်စီတပ်အတွက် ဒလန်ပြုလုပ်ပေးလေ့ရှိသောကြောင့် ပစ်သတ်လိုက်ခြင်း ဖြစ်သည်ဟု ဝက်လက်ဖောင်းဒိုင်းအဖွဲ့က The 74 Media ကိုပြောသည်။

“စစ်ကောင်စီတွေ တောကြောင်းကြီးရွာဘက် မွှေရင် သူတို့နှစ်ယောက်က PDF တွေရှိတယ်ဆိုပြီး ရှေ့ကလမ်းပြပေးတာ။ သူတို့နှစ်ယောက်ကြောင့် PDF လို့ထင်ခံရတဲ့ အိမ်တွေ ဝင်အမွှေခံရဘူးတယ်။ စခန်းမှူးလာရင်လည်း ထီးနဲ့မိုးပြီးကြိုတယ်” ဟု သူကပြောသည်။

ဝက်လက်မြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ဒလန်၊ ပျူစောထီး နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို လိုက်လံကူညီနေသည့် အဖွဲ့အစည်းများမှ ရှစ်ဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့ပြီးဖြစ်ကြောင်း သူကဆက်ပြောသည်။

ပစ်ခတ်သတ်ဖြတ်ခံရသူများ စစ်ကောင်စီသတင်းပေးဖြစ်သည်ဆိုသည့်ပြောကြားချက်ကို The 74 Media က သီးခြားအတည်ပြုနိုင်ခြင်း မရှိပါ။

ဝက်လက်မြို့သည် စစ်ကိုင်းတိုင်းရွှေဘိုခရိုင်ရှိ မြို့တစ်မြို့ဖြစ်ပြီး ကျေးရွာ ၇၀ ခန့်ဖြင့် ဖွဲ့စည်းထားကာ မန္တလေး-မြစ်ကြီးနား ရထားလမ်းပေါ်တွင် တည်ရှိသည်။

================
လွတ်လပ်တဲ့သတင်းမီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ရန် နည်းများမဆိုလှူဒါန်းနိုင်ပါတယ်။ လှူဒါန်းလိုတယ်ဆိုရင် ဒီလင့်ခ်ကို နှိပ်ပါ – https://bit.ly/3vPLY7e
သင့်ထင်မြင်ချက်ရေးပေးပါ