ကချင်ပြည်နယ် မိုးမောက်မြို့နယ် ကျောက်စခန်းအနီး ကွက်သစ်ကျေးရွာတွင် ယနေ့ အောက်တိုဘာ ၁၂ ရက် မွန်းလွှဲ ၄ နာရီခန့်က စစ်ကောင်စီယာဉ်တန်းကို ကချင်လွတ်မြောက်ရေးတပ် (KIA) က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ အများအပြားသယ်ဆောင်လာသည့် ကား ၇ စီးပါ ယာဉ်တန်းကို ကွက်သစ်ကျေးရွာတွင် ကေအိုင်အေက မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။

“KIA ကမိုင်းပဲခွဲပြီးဆုတ်သွားတာလို့လဲကြားတယ်။ ပစ်သံတော့ နှစ်ဖက်အသံဘဲ။ ဗုံးရောပါတယ်။ လက်နက်ကြီးအသံလည်း ကြားတယ်။ သေနတ်သံတော့ ပစ်လိုက်ရပ်လိုက်ပဲ” ဟု ပြောသည်။

စစ်ကောင်စီယာဉ်တန်း မိုင်းခွဲခံရပြီးနောက် စစ်ကောင်စီတပ်တို့သည် သေနတ်များဖြင့် ပတ်ဝန်းကျင်သို့ ရမ်းသမ်းပစ်ခတ်ခဲ့သည်ဟု သူက ဆက်ပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်ဖွဲ့များသည် မိုင်းခွဲခံရပြီးနောက် တရုတ်သင်္ဂျိုင်းရှေ့တွင် ဖြတ်သွားဖြတ်လာ ပြည်သူကို စစ်ဆေးခဲ့သည်ဟု အခြားဒေသခံတစ်ဦးက ပြောသည်။

ကချင်ပြည်နယ် မိုးမောက်မြို့ရှိ မိုးမောက်အခြေစိုက် စစ်ကောင်စီတပ် ခ.မ.ရ (၄၃၇) က အောက်တိုဘာ ၁၀ ရက်နေ့ ည ၉ နာရီချိန်မှ နာရီဝက်ခန့်ထိ လက်နက်ကြီးသံများကြားရပြီး မြို့သစ်ကျေးရွာတွင်လည်း ည ၁၀ နာရီဝန်းကျင်တွင် လက်နက်ကြီးသံ ၄ ချက်ထက်မနည်း ကြားရသည်ဟု ဒေသခံများထံက သိရသည်။

မိုးမောက်မြို့နယ်သည် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဧပြီလနှင့် မေလအတွင်း တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့သည့် ဒေသတစ်ခုဖြစ်ပြီး စစ်ကောင်စီတပ်နှင့် ကေအိုင်အေတပ်ဖွဲ့များအကြား စစ်ရေးတင်းမာနေဆဲဖြစ်သည်။

သင့်ထင်မြင်ချက်ရေးပေးပါ