ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လဝါးကျေးရွာအနီးတွင် ယနေ့ မွန်းလွဲ နှစ်နာရီခန့်က စစ်အင်အားတိုးချဲ့လာသည့် စစ်ကောင်စီယာဉ်တန်း အစီး ၄၀ ခန့်ကို ကချင်လွတ်မြောက်ရေးတပ်(KIA)က ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ယာဉ်တန်းမိုင်းခွဲခံရပြီးနောက် နှစ်ဖက် ပစ်ခတ်မှုများ ရှိခဲ့ကြောင်း လဝါးဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။

“နေ့လည်က လဝါး ရွာထိပ်မှာ ပစ်ကြတာပေါ့။ လဝါးအကျော်နားမှာဖြစ်တာ ယာဉ်တန်းဖြတ်တဲ့အချိန် ခဏဆိုတာတဲ့ မိုင်းခွဲတာ။ တော်တော်လေးကြာအောင်ပစ်ကြတယ်။ စစ်ကောင်စီက အထိနာလောက်တယ်။ ခုလည်း စစ်ကားတွေအဲ့နားမှာရှိနေသေးတယ်။ ဒီတစ်လော ရိက္ခာလာတင်တဲ့ ကားတွေပါ။ အစီးရေက ၄၀လောက်ရှိတယ်” ဟု သူကပြောသည်။

မိုင်းခွဲခံရမှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာရမှုများရှိသော်လည်း အသေးစိတ်မသိသေးကြောင်း နောက်ထပ် ဒေသခံတစ်ဦးက ဆက်ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ယနေ့ နံနက်ပိုင်းတွင် ဒွမ်ဘွန်ကျေးရွာတွင် တစ်ကြိမ်၊ လဝါးကျေးရွာအနီးတွင် တစ်ကြိမ် စုစုပေါင်း နှစ်ကြိမ် မိုင်းခွဲတိုက်ခိုက်ခံခဲ့ရခြင်းဖြစ်သည်။

စစ်ကောင်စီတပ်က ကချင်ပြည်နယ်သို့ ခြေလျင်တပ်များဖြင့် စစ်အင်အားတိုးချဲ့မှုများ ပြုလုပ်နေပြီး တနိုင်းမြို့နယ်နှင့် မိုးကောင်းမြို့နယ် လီဒိုလမ်းမတစ်လျှောက်ရှိ ကျေးရွာများတွင် ကချင်လွတ်မြောက်ရေးတပ် (KIA)နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲ မကြာခဏဖြစ်ပွားခဲ့သည်။

 

သင့်ထင်မြင်ချက်ရေးပေးပါ