ရှမ်းပြည်နယ်မြောက်ပိုင်း၊ မုံကိုးဒေသတွင် ယနေ့ မွန်းတည့် ၁၂ နာရီခန့်မှ စတင်ကာ ကိုးကန့် (MNDAA) တပ်ဖွဲ့က စစ်ကောင်စီ၏ဗျူဟာကုန်းကို သွားရောက်တိုက်ခိုက်သဖြင့် တိုက်ပွဲဖြစ်ပွားနေကြောင်း သိရသည်။

စစ်ကောင်စီဘက်က လက်နက်ကြီးပစ်ခတ်မှုများဖြင့် ပြန်လည်ခုခံနေသည်ဟု မုံကိုးမြို့မှ စစ်ရှောင်ပြည်သူတစ်ဦးက The 74 Media ကိုပြောသည်။

“ကိုးကန့်တွေက စစ်တပ်ဗျူဟာကုန်းကို ပစ်တာပေါ့ သူတို့ (စစ်ကောင်စီ) က လက်နက်ကြီးတွေနဲ့ ပြန်ပစ်တယ်။ ဗျူဟာကုန်းနဲ့ စစ်ရှောင်တွေက နီးတော့ လက်နက်ကြီးပစ်တာကြားရတယ် အိမ်တွေတောင် တုန်တယ်။ စစ်တပ်ကတော့ ကိုးကန့်တွေရဲ့ ဆုတောင်းကုန်းဘက် ပစ်တာထင်တယ်။” ဟုသူကပြောသည်။

နာရီဝက်ခန့်ကြာ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က လက်နက်ကြီးဆက်လက်ပစ်ခတ်မှု ပြုလုပ်နေပြီး အဆိုပါဒေသတွင် ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားနေသည်မှာ သုံးရက်ခန့်ရှိပြီဖြစ်ကြောင်း သူကဆက်ပြောသည်။

စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် ယမန့်နေ့က ကောင်းလုံစစ်ရှောင်စခန်းနှင့် ဖောင်းဆိုင်ကျေးရွာ အနီးတွင် လက်နက်ကြီးကျရောက်မှုများရှိခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း မုံကိုးဒေသရှိ နေရာအချို့တွင် အောက်တိုဘာလဆန်းပိုင်းမှစ၍ MNDAA နှင့် စစ်ကောင်စီတပ်တို့ကြား နေ့စဉ်တိုက်ပွဲများဖြစ်ပွားနေသည်။

ရှမ်ပြည်နယ် မုံကိုးဒေသနှင့် ပန်ဆိုင်း(ကြူကုတ်) ဒေသများတွင် တိုက်ပွဲများဖြစ်ပွားနေသောကြောင့် ဒေသခံပြည်သူများသည် စစ်ဘေးတိမ်းရှောင်နေရပြီး၊ စစ်ရှောင်အများစုမှာ ကိုဗစ်၁၉ ပိုး ကူးစက်ခံခဲ့ရသည်။

သင့်ထင်မြင်ချက်ရေးပေးပါ