စစ်ကောင်စီစစ်ကြောင်းရောက်လာသဖြင့် ခွန်ဆိုင်ယန်ကျေးရွာမှ ဒေသခံများထွက်ပြေးတိမ်းရှောင်

ကချင်လွတ်မြောက်ရေးတပ် ကေအိုင်အေနှင့် စစ်ကောင်စီတပ်များ ဖားကန့်မြို့နယ် လဝါးကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီစစ်ကြောင်း ခွန်ဆိုင်ယန်ကျေးရွာရောက်ရှိလာသဖြင့် ဒေသခံပြည်သူများ ယနေ့ညနေ ၄ နာရီခန့်က ထွက်ပြေးတိမ်းရှောင်ခဲ့ကြောင်းသိရသည်။

စစ်ကောင်စီစစ်ကြောင်းရောက်လာသဖြင့် ခွန်ဆိုင်ယန်ကျေးရွာမှ ဒေသခံများထွက်ပြေးတိမ်းရှောင်

စစ်ကောင်စီစစ်ကြောင်းသည် ခွန်ဆိုင်ယန်ကျေးရွာသို့ ရောက်ရှိလာပြီး ရွာသို့ လက်နက်ကြီး ကျရောက်မှုများလည်း ရှိခဲ့သောကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ခြင်းဖြစ်သည်ဟု လူငယ်တာဝန်ခံတစ်ဦးက The 74 Media ကိုပြောသည်။

“ဒီညနေ သုံးနာရီလောက်က ကာမိုင်း ဗျူဟာကုန်းကနေ လက်နက်ကြီးတွေပစ်နေတာ ခွန်ဆိုင်ယန်ရွာထိပ်မှာ သုံးချက်လာကျပြီး ညဘက်ပိုဆိုးလာမှာစိုးလို့ စစ်ရှောင်နေရပါတယ်၊ စစ်ကြောင်းတွေရှိနေတော့ အနီးအနားက ဒေသခံတွေအားလုံး ကြောက်လန့်ပြီး စိုးရိမ်နေတာပေါ့ ဘယ်အချိန်များ တိုက်ပွဲပြန်ဖြစ်မလဲဆိုပြီး။” ဟုသူကပြောသည်။

စစ်ရှောင်ပြည်သူများသည် လဝါးကျေးရွာရှိ ကက်သလစ်ဘုရားကျောင်း၊ ကချင်နှစ်ခြင်းဘုရားကျောင်းနှင့် နီးစပ်ရာဆွေမျိုးများ၏နေအိမ်သို့ ထွက်ပြေးတိမ်ရှောင်နေကြကြောင်း လဝါးဒေသခံတစ်ဦးက ပြောသည်။

“RCနဲ့ KBC ဘုရားကျောင်းတွေမှာ တိမ်းရှောင်နေရတယ်၊ တစ်ချို့က အမျိုးအိမ်တွေမှာ နေနေရတာပေါ့။ ခုကရွာလုံးကျွတ်နီးပါး ထွက်ပြေးလာတာ ရွာမှာ အသက်ကြီးပြီး မထွက်ပြေးနိုင်လို့ ဖြစ်ချင်ရာဖြစ်ဆိုပြီး နေခဲ့တာပဲရှိတော့တယ်။” ဟုသူကပြောသည်။

ခွန်ဆိုင်ယန်ကျေးရွာမှပြည်သူများသည် လွန်ခဲ့သော ဇွန်လကလည်း တစ်ကြိမ်တိမ်းရှောင်ခဲ့ရပြီး ယခုတစ်ကြိမ်နှင့် နှစ်ကြိမ်ရှိပြီဖြစ်သည်။

ဖားကန့်မြို့နယ်၊ လဝါးကျေးရွာအနီးတွင် ယနေ့နံနက်က စစ်အင်အားတိုးချဲ့လာသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို ကချင်လွတ်မြောက်ရေးတပ် (KIA) တို့က ကြားဖြတ်တိုက်ခိုက်ခဲ့ရာမှ တိုက်ပွဲဖြစ်ပွားခဲ့သည်။

သင့်ထင်မြင်ချက်ရေးပေးပါ