စစ်ကောင်စီအထိနာခဲ့သည့် ပင်လယ်ဘူးတွင် ရဟတ်ယာဉ်ဖြင့် ဗုံးကြဲ

စစ်ကိုင်းတိုင်းဒေသကြီး ပင်လည်ဘူးမြို့နယ် ဝမ်းဘဲအင်းကျေးရွာတွင် ယနေ့ ညနေ ၆ နာရီဝန်းကျင်ခန့်က စစ်ကောင်စီက ရဟတ်ယာဉ်ဖြင့် ဗုံးကျဲခဲ့ကြောင်း သိရသည်။

စစ်ကောင်စီအထိနာခဲ့သည့် ပင်လယ်ဘူးတွင် ရဟတ်ယာဉ်ဖြင့် ဗုံးကြဲ

စစ်ကောင်စီတပ်များသည် မွန်းလွှဲပိုင်း၌ ၎င်းရဟတ်ယာဉ်ဖြင့် လက်နက်များ သယ်ဆောင်နေပြီး ညနေပိုင်းတွင် ရွာအား ဗုံးကြဲချခြင်းဖြစ်ကြောင်း ဝမ်းဘဲအင်းကျေးရွာ အနီးပတ်ဝန်းကျင်မှ ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။

“ဝမ်းဘဲအင်းရွာထဲရဟတ်နဲ့ဗုံးကြဲသွားတယ်။ အဲ့လေယာဉ်တွေ နေ့လယ်က ဝဲနေတာ။ နေ့လယ်က ရွာကဘောလုံးကွင်းမှာ လက်နက်တွေကိုအရင်သယ်ထားတာ” ဟုပြောသည်။

စစ်ကောင်စီတပ်များသည် လေယာဉ်မှဗုံးများအား မိနစ်ပိုင်းအတွင်း ဗုံးများ ဆက်တိုက်ကျဲချခဲ့သည်ဟု ဒေသခံနောက်တစ်ဦးမှ ထပ်မံအတည်ပြု ပြောဆိုသည်။

“ကျဲတာက ခဏလေးပဲ မိနစ်ပိုင်းလောက်ဖြစ်မယ်။ တစ်ခါချရင် ဆက်တိုက်ဆက်တိုက်ချတာ။ တစ်ခါကျဲရင် သုံးလေးချက်။ ရမ်းပီးကျဲတာလဲ  ဖြစ်နိုင်တယ်။” ဟုပြောသည်။

စစ်ကောင်စီတပ်တို့သည် ဝမ်းဘဲအင်းကျေးရွာအား ဗုံးကျဲနေစဉ်ပင် ဆားတောင်ပုံကျေးရွာ ဘေးပတ်လည်မှလည်း သေနတ်များဖြင့် ရမ်းသမ်း ပစ်ခတ်ကြောင်း သူက ဆက်ပြောသည်။

ပင်လည်ဘူးမြို့နယ် ဝမ်းဘဲအင်းကျေးရွာနဲ့နှောင်အင်း ကျေးရွာချင်းဆက်ထားတဲ့ မူးမြစ်တံတားပေါ်တွင် စက်တင်ဘာ ၂၂ ရက်နေ့နှင့် ၂၄ ရက်နေ့၌ စစ်ကောင်စီတပ်များနှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ အသေအပျာက်များကာ လက်နက်အများအပြား သိမ်းဆည်းရမိခဲ့သည်။

သင့်ထင်မြင်ချက်ရေးပေးပါ