ကေအိုင်အေ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လဝါးကျေးရွာအနီးတွင် စစ်အင်အားတိုးချဲ့လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ကချင်လွတ်မြောက်ရေးတပ် (KIA) က ယနေ့ စက်တင်ဘာလ ၂၅ ရက်နေ့၊ နံနက် ၆ နာရီခန့်မှစတင်ကာ ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး လက်ရှိအချိန်ထိ တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်ကြောင်း သိရသည်။

တိုက်ပွဲကြောင့် လက်နက်ကြီးသံများ ကြားနေရကြောင်း လဝါးကျေးရွာရှိ ဒေသခံတစ်ဦးက The 74 Media ကို ပြောသည်။

“လက်နက်ကြီးသံက အကြိမ် ၂၀ နီးပါးပဲ တော်တော်ကျယ်တယ်၊ လဝါးကျေးရွာအနီးက ဘုန်းကြီးကျောင်းနားမှာ ဖြစ်တာတဲ့၊ ခုက ဆိုင်လင်းခနဲ့ နီးတယ် ဆိုင်လင်းခမှာလည်း  ဟိုတစ်လောက်က စကစရဲ့ရိက္ခာတင်တဲ့ကားကို ကေအိုင်အေက မီးရှို့ပေးလိုက်တဲ့နေရာလေ” ဟု သူကပြောသည်။

လက်ရှိအချိန်တွင် တိုက်ပွဲနှင့်ပတ်သက်ပြီး လူအထိအခိုက် ရှိ၊ မရှိကို The 74 Media က ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ကချင်လွတ်မြောက်ရေးတပ် (KIA)တို့ကြား စက်တင်ဘာလ ၂၃ ရက်နေ့တွင်  လွယ်လီချောင်းနှင့် ဒွမ်ဘွမ် အနီးရှိ တာဝါတိုင်နားတွင် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။

ဩဂုတ် ၂၄ ရက်နေ့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ လက်နက်ခဲရမ်းများနှင့် စားနပ်ရိက္ခာသယ်ဆောင်လာသည့် ခရီးသည်တင် ဘတ်စ်ကားတစ်စီးကို KIA ကချင်လွတ်မြောက်ရေးတပ်က မီးရှို့ဖျက်ဆီးခဲ့သည်။

သင့်ထင်မြင်ချက်ရေးပေးပါ