ပန်ဝါမြို့တွင် အမျိုးသမီးတစ်ဦး အဓမ္မပြုကျင့်သတ်ဖြတ်ခံရ

ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်၊ တရုတ်-မြန်မာနယ်စပ်မြို့ဖြစ်သော ပန်ဝါမြို့တွင် စက်တင်ဘာလ ၂၁ ရက်နေ့ညက အမျိုးသမီးတစ်ဦး အဓမ္မပြုကျင့်သတ်ဖြတ်ခံရကြောင်းသိရသည်။

သေဆုံးသူ အမျိုးသမီးသည် သူငယ်ချင်းများနှင့် အရက်ဝိုင်းဖွဲ့သောက်နေရင်း အပေါ့သွားမည်ဟုဆိုကာ ထွက်သွားရာမှ ပြန်မလာတော့ဘဲ ပျောက်ဆုံးသွားပြီးနောက် နောက်တစ်နေ့တွင် သေဆုံးလျက်တွေ့ရှိခဲ့ကြောင်း အမည်မဖော်လိုသူ ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။

“သူတို့က တရုတ်လပြည့်နေ့ညမှာ အဖွဲ့လိုက်အရက်သောက်ကြတယ်။ ကောင်လေးတွေက ငါးယောက်လောက်ပါတယ်။ ကောင်မလေးတွေက သူ့သူငယ်ချင်းသုံးယောက်နဲ့ သူအပါ လေးယောက်။ အဲ့ကောင်မလေးက အောက်သွားချင်တယ်ဆိုလို့ သွားတာကို ပြန်မလာတာတော်တော်ကြာပြီး ကောင်လေးတွေလည်း တစ်ယောက်ပြီး တစ်ယောက်ထသွားကြတာ။ မနက်အထိလည်း ပြန်မလာလို့ ကောင်မလေးတွေက လိုက်ရှာတော့ ခြုံပုတ်မှာတွေ့တာ” ဟု ပြောသည်။

ပန်ဝါမြို့တွင် အမျိုးသမီးတစ်ဦး အဓမ္မပြုကျင့်သတ်ဖြတ်ခံရ

ရုပ်အလောင်းအား ဓာတ်ခွဲစစ်ဆေးနေသည့်အပြင် လူသတ်တရားခံဟု သံသယရှိသူတစ်ဦးကိုလည်း နယ်ခြားစောင့်တပ်ဖွဲ့မှ ပန်ဝါမြို့တွင် ဖမ်းဆီးထားသည်ဟု သိရသည်။

အသတ်ခံရသော အမျိုးသမီးသည် အသက် ၃၇ နှစ်အရွယ် အချာဟုခေါ်ပြီး ဝိုင်းမော်မြို့မှ ပန်ဝါမြို့တွင် အလုပ်လာရောက်လုပ်ကိုင်သူဖြစ်ကြောင်းသိရသည်။

စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ်ဖွဲ့ထိန်းချုပ်ထားသော ပန်ဝါမြို့တွင် ယခင်က ထိုကဲ့သို့သော အဓမ္မပြုကျင့်လူသတ်မှုဖြစ်စဉ်ဖြစ်ပွားခဲ့ခြင်းမရှိကြောင်း ဒေသခံများထံမှ သိရသည်။

သင့်ထင်မြင်ချက်ရေးပေးပါ