လုံးခင်း တိုက်နယ်ဆေးရုံ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းအုပ်စု တိုက်နယ်ဆေးရုံဝင်းနှင့် လုံးခင်းဈေးတွင် ယမန်နေ့ စက်တင်ဘာလ ၂၃ ရက်နေ့၊ ည ၆ နာရီခွဲခန့်က မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

စစ်ကောင်စီလက်အောက်တွင် မဖွင့်စေလိုသည့် လုံးခင်းတိုက်နယ် ဆေးရုံတွင် ကိုဗစ်ကာကွယ်ဆေး လာရောက်ထိုးနှံပေးနေခြင်းကြောင့် မိုင်းကွဲခြင်း ဖြစ်နိုင်သည်ဟု ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။

“မနေ့ကပဲ ပိတ်ထားတဲ့ လုံးခင်းတိုက်နယ်ဆေးရုံကို ဖွင့်ပြီး ဖားကန့်မြို့နယ်က စစ်ကောင်စီအဖွဲ့တွေက ကိုဗစ်ကာကွယ်ဆေး လာထိုးပေးကြတယ်၊ ဒေသခံတွေက စစ်ကောင်စီလက်အောက်မှာ ဆေးရုံမဖွင့်စေချင်ဘူး အဲ့တော့ ကိုဗစ်ဆေးကို လုံးခင်း ဘုန်းကြီးကျောင်းမှာ ထိုးဖို့ ပြောတော့ မြို့နယ်က လက်မခံဘူးတဲ့၊ ဘယ်သူတွေ လာဖောက်တာလဲတော့ မသိဘူး။” ဟု သူက ပြောသည်။

လုံးခင်းတိုက်နယ် ဆေးရုံပြန်လည်ဖွင့်လှစ်ရန် စီစဉ်နေသည့်  စက်တင်ဘာလ ၅ ရက်နေ့ကလည်း တစ်ကြိမ် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ယခုပေါက်ကွဲမှုသည် ဒုတိယ အကြိမ်ဖြစ်သည်။

လုံးခင်းအောက်ဈေးတွင်လည်း ယမန်နေ့ညနေက ပေါက်ကွဲမှု ထပ်မံ ဖြစ်ပွားခဲ့ကြောင်း အခြားဒေသခံတစ်ဦးက ပြောသည်။

“လုံးခင်းအောက်ဈေးမှာလည်း တစ်လုံးကွဲတယ်။ လူတော့မထိဘူး ခြောက်ခွဲခွဲတဲ့ သဘောပေါ့။” ဟု သူကပြောသည်။

ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု ဆိုင်းရာကျေးရွာတွင် စက်တင်ဘာလ ၂၁ ရက်နေ့ ၊ ည ၇ နာရီခွဲခန့်က Mytel တာဝါတိုင် မိုင်းခွဲဖျက်ဆီးခံခဲ့ရသည်။

သင့်ထင်မြင်ချက်ရေးပေးပါ