တန့်ဆည်မြို့နယ် ကျီကုန်း (တောင်) ကျေးရွာတွင် ဒေသခံများ၏ နေအိမ်ကို စစ်ကောင်စီမီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ်၊ ကျီကုန်း(တောင်) ကျေးရွာတွင် ယမန်နေ့ စက်တင်ဘာ ၂၃ ရက် နံနက် ၁၀ နာရီခန့်က စစ်ကောင်စီတပ်ဖွဲ့များရွာသို့ ဝင်ရောက်လာပြီး ဒေသခံပြည်သူတို့၏ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဒေသခံများပြည်သူတို့၏ စပါးတိုက်အပါ နေအိမ် ၁၆ လုံးကို နှစ်ရက်ဆက်တိုက် မီးရှို့ဖျက်စီးခဲ့သောကြောင့် အိမ်ရှိ နွားများမီးလောင်၍ သေဆုံးခဲ့သည်ဟု ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။

“၁၆ အိမ်ပါ လုံးဝ ယူလို့မရတော့ဘူး။ စပါးတိုက်ဆိုလည်း ဈေးက နိုင်ငံရေးနဲ့ဆိုတော့ မကောင်းလို့ မရောင်းကြသေးဘူး အပြည့်ပဲ အခုပါသွားတဲ့အိမ်က စပါးတွေအပြည့်ပဲ။ ရွာလူကြီးဟောင်းအိမ်ကို စရှို့ တရွာလုံးရှို့တာပါ။ မနေ့က ကျွဲသေတယ်။ ဒီနေ့က နွားသေတယ်။ လောလောဆယ် ဒီမနက်ရှို့တာ ၂ အိမ်လောက်တော့ သိရတယ်” ဟု ပြောသည်။

ကျီးကုန်းကျေးရွာမှ ဒေသခံပြည်သူတို့သည့် ထွက်ပြေးတိမ်းရှောင်နေရပြီး ယမန်နေ့မှ ယနေ့ထိ အစာမစားရသေးသူများလည်း ရှိနေကြောင်း သူကဆက်ပြောသည်။

“ထွက်ပြေးရတာ တောင်ပိုင်းရော မြောက်ပိုင်းရောပဲ ရွာက လယ်ကွင်းတစ်ကွင်းပဲ ခြားလို့လေ။ အားလုံး ခန့်မှန်းခြေ ၅၀၀ ကျော်လောက်ရှိမယ်။ မနေ့ကစ တချို့တွေ အစာမစားရသေးဘူး။  လယ်ကြားက ရေပဲ သောက်နေရတာ။” ဟု ဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ယနေ့နံနက် ၈ နာရီခွဲ့ခန့်က မီးရှို့ဖျက်ဆီးမှုကြောင့် မည်မျှထိခိုက်ပျက်စီးခဲ့သည်ကို The 74 Media သီးခြား အတည်ပြုနိုင်ခြင်းမရှိသေးပါ။

တန့်ဆည်မြို့ ကျီကုန်းကျေးရွာတွင် စက်တင်ဘာ ၂၂ ရက်နေ့ညက ပျူစောထီးခေါင်းဆောင် ဦးရဲမြင့်ဟု လူသိများသည့် ဦးရဲမြင့်နှင့် တန့်ဆည်ရဲစခန်းနှင့် ကံထူးမရဲစခန်းတွင် တာဝန်ထမ်းဆောင်နေသည့် သမီးနှင့် သမက် တို့၏ နေအိမ်မီးရှို့ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ရွာသို့ လာရောက် မီးရှို့ဖျက်ဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

သင့်ထင်မြင်ချက်ရေးပေးပါ