စစ်ကောင်စီတပ်နှင့် ကရင်နီပူးပေါင်းတပ်တို့အကြား တိုက်ပွဲဖြစ်၊ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေ

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့၊ ကုန်းသာကျေးရွာအနီးရှိ ကျောက်ဆယ်ကန်တွင် ယမန်နေ့ည ၆ နာရီခွဲခန့်တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ကရင်နီပူးပေါင်းတပ်တို့အကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

ကျောက်ဆယ်ကန်ကျေးရွာတွင် စစ်ကောင်စီတပ်မှ ရမ်းသမ်းပစ်ခတ်နေသောကြောင့် ကရင်နီပူးပေါင်းတပ်မှ ပြန်လည်ပစ်ခတ်ခဲ့သောကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဒေသခံပြည်သူများလည်း ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်ဟု ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။

 

စစ်ကောင်စီတပ်နှင့် ကရင်နီပူးပေါင်းတပ်တို့အကြား တိုက်ပွဲဖြစ်၊ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေ

“လမ်းသွားလမ်းလာပြည်သူတွေ လျှောက်ပစ်နေလို့ ပြန်ပစ်တာ။ စစ်ကြောင်းလည်းထိုးတယ်။ တိုက်ပွဲဖြစ်တိုင်း အိမ်တွေက အမြဲထိပြီး ပျက်စီးမှုတွေရှိတော့ ၈ နာရီကျော်မှ ပြေးခဲ့ကြတယ်။ အခုက ပြန်မကြည့်နိုင်ကြတော့ဘူး၊ ပြေးကုန်ပြီ။ ပြည်သူတွေ ထိခိုက်မှုတော့ မရှိုကြဘူး။ အခြေအနေက တိုက်ပွဲလည်း ပိုမိုပြင်းထန်လာနိုင်ပါတယ်။” ဟု သူကပြောသည်။

တိုက်ပွဲဖြစ်ပွားနေချိန်တွင် ပြည်သူတို့သည် ဒီးမော့ဆိုမြို့မှ လွိုင်ကော်မြို့နှင့် တောထဲသို့ ထွက်ပြေး တိမ်းရှောင်ခဲ့ကြပြီး တဲထိုးနေထိုင်နိုင်ရန် မိုးကာနှင့် ဆေးဝါးရိက္ခာ အကူအညီများလိုအပ်နေကြောင်း သူကဆက်ပြောသည်။

 

ဒီးမော့ဆိုမြို့နယ်အတွင်းတွင် စက်တင်ဘာလမှစ၍ တကျော့ပြန်တိုက်ပွဲများဖြစ်ပွားခဲ့ရာ ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ ထိခိုက်ပျက်စီးခဲ့ရသည့်အပြင် စစ်ကောင်စီတပ်ဖွဲ့မှ ပြည်သူများအား အကြောင်းမဲ့ ဖမ်းဆီးနှိပ်စက်ခြင်းများလည်း ရှိနေသည်။

သင့်ထင်မြင်ချက်ရေးပေးပါ