ချီဖွေမြို့

ကချင်ပြည်နယ် ချီဖွေမြို့နယ်တွင် နေထိုင်သော ဒေသခံပြည်သူအချို့ စက်တင်ဘာလ ၂၂ ရက်နေ့မှ စတင်ကာ ပန်ဝါမြို့အခြေစိုက် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့တွင် စစ်သင်တန်း သွားရောက် သင်ယူ နေကြောင်း သိရသည်။

စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့သည် ချီဖွေမြို့ရှိ ဒေသခံပြည်သူများကို မိမိဒေသကိုကာကွယ်ရန် လက်နက်ကိုင်တော်လှန်ရမည်ဟုဆိုကာ လိုက်လံ စည်းရုံးခဲ့သောကြောင့် စစ်သင်တန်းတက်ကြခြင်းဖြစ်သည်ဟု ချီဖွေမြို့မှ ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။

“ကိုယ့်ဒေသကို ကိုယ်ကာကွယ်ရမယ် လက်နက်မရှိရင် လက်နက်ကိုင်တွေကို တော်လှန်ဖို့ မလွယ်ဘူး၊ အဲ့တော့ လက်နက်ကိုင်ပြီးမှပဲ တော်လှန်ရမယ်ဆိုတဲ့ ခေါင်းစဉ်နဲ့ပေါ့၊ လက်နက်မကိုင်ရင် လက်နက်ကိုင်တွေ ဝင်လာပြီး လာနှိပ်စက်မယ်၊ ဘာပဲဖြစ်ဖြစ် ကိုယ့်ဒေသမှာ ကိုယ်လက်နက်ကိုင်ပြီး ထိုင်နေရင်က တခြားလက်နက်ကိုင်တွေ လာနိုင်စားလို့မရဘူး ဆိုပြီးခေါ်တာပေါ့နော်” ဟုသူကပြောသည်။

ဒေသခံပြည်သူများသည် ပြည်သူ့စစ်အဖွဲ့မှ လက်နက်တပ်ဆင်ပေးမည်ဟု ယူဆသောကြောင့် သေနတ်ကိုင်တတ်ရန် အခြေခံစစ်သင်တန်းသွားရောက်သင်ကြားခြင်းဖြစ်ကြောင်း သူကဆက်ပြောသည်။

ချီဖွေမြို့မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ (Pat Jasan) ကိုလည်း ပြည်သူ့စစ်ခေါင်းဆောင်က ခေါ်ယူတွေ့ဆုံပြီး မူးယစ်ဆေးဝါးရောင်းဝယ်သူများသည် လက်နက်ကိုင်များဖြစ်သောကြောင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့ ကိုလည်း လက်နက်တပ်ဆင်ပေးမည်ဖြစ်၍ အခြေခံစစ်သင်တန်းလာရောက်သင်ယူရန် ပြောဆိုမှုများရှိသည်ဟု ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။

“ပြည်သူ့စစ်ခေါင်းဆောင်ကခေါ်တွေ့ပြီး လက်နက်တပ်ဆင်ပေးမယ်ပြောတယ် ခု လက်နက်ကိုင်ထားတဲ့ သူတွေက မူးယစ်ဆေးရောင်းဝယ်နေတော့ လက်နက်ကိုင်ရမယ်ပေါ့ အဲ့တာကြောင့် ချီဖွေမူးယစ်ဆေးဝါ တိုက်ဖျက်ရေးအဖွဲ့မှာ ပါဝင်သူတွေကိုလည်း အခြေခံစစ် သင်တန်းသွားတက်ဖို့ လူရွေးထားပြီလို့ကြားတယ်” ဟု သူကပြောသည်။

အခြေခံစစ်သင်တန်းကို သုံးပတ်ကြာ သင်ယူရမည်ဖြစ်ပြီး ချီဖွေမြို့မှ ဒေသခံ အယောက် ၃၀ ခန့် သွားရောက်သင်ယူနေပြီး ထိုအဖွဲ့ သင်တန်းဆင်းလာပါက နောက်တစ်ဖွဲ့သွားမည်ဖြစ်သည်ဟု သိရသည်။

ပန်ဝါမြို့တွင် ဦးဇခုန်တိန့်ယိန်းဦးဆောင်သည့် စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ်ဖွဲ့ဝင်များနှင့် ဦးဘောမ်လန်းဦးဆောင်သည့် ပြည်သူ့စစ်အဖွဲ့များ အခြေစိုက်သည်။

ဦးဘောမ်လန်းဦးဆောင်သည့် ပြည်သူ့စစ်အဖွဲ့များသည် ၂၀၂၁ ခုနှစ် မေလအတွင်း စစ်ရှောင်ပြည်သူများကို ပြည်သူ့စစ်တပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်ရန် ခြိမ်းခြောက်အကြပ်ကိုင်ခဲ့သည်။

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်တွင်လည်း  ပြည်သူ့စစ်မှ စစ်သင်တန်းတက်ရန် စည်းရုံးသော်လည်း တက်မည့်သူ မရှိသဖြင့် အသက် ၆၀ အရွယ် အမျိုးသားများကို အစည်းအဝေးတက်ရန်ဟူ၍ လိမ်လည်ခေါ်ယူကာ စစ်ကောင်စီတပ်တွင် စစ်သင်တန်းပေးနေသည်။

သင့်ထင်မြင်ချက်ရေးပေးပါ