ကေအိုင်အေနှင့် တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီအလောင်းအများအပြား ဒေသခံများ၏ စိုက်ခင်းတွင်လာမြုပ်ထား
ကချင်ပြည်နယ် ပူတာအိုခရိုင် လုံရှာယာန်ကျေးရွာအုပ်စု တန်ဂျာကျေးရွာတွင် စစ်ကောင်စီတပ်နှင့် ကေအိုင်အေအကြား တိုက်ပွဲဖြစ်ပွားပြီးနောက် ဒေသခံတို့၏ စိုက်ခင်းများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ အလောင်းများကို လာရောက်မြုပ်နှံထားကြောင်း သိရသည်။

လုံရှာယာန်ကျေးရွာအုပ်စု တန်ဂျာကျေးရွာရှိ ဒေသခံပြည်သူများ ယမန်နေ့က စိုက်ခင်းသွားချိန်တွင် အလောင်းများ လာရောက်မြုပ်နှံထားသည်ကို တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု မျက်မြင်တွေ့ရှိသူတစ်ဦးက The 74 Media ကိုပြောသည်။
ကေအိုင်အေနှင့် တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီအလောင်းအများအပြား ဒေသခံများ၏ စိုက်ခင်းတွင်လာမြုပ်ထား
“တိုက်ပွဲဖြစ်တဲ့အချိန် ရွာမှာလည်းမနေဘူး၊ ခုက ငရုတ်သီးသွားခူးမယ်ဆိုပြီး သွားတဲ့အချိန်မှာ ကျင်းတူးပြီး ဖြစ်သလိုမြုပ်ထားတဲ့ သဘောပေါ့။ အခင်းထဲမှာ တစ်လောင်း အခင်းအပြင်မှာ တစ်လောင်းတွေ့တယ်။ တခြားအခင်းသွားတဲ့သူတွေပြောတာတော့ အစက အပုပ်အသိုး အနံ့ အရမ်းထွက်တယ်တဲ့ အခုတော့ အနံ့မထွက်တော့ဘူး စစ်သားအလောင်းဆိုတာ သေချာပါတယ်” ဟု ပြောသည်။
သုံးပေခန့်ရှိသည့် ကျင်းတူးပြီးမြှုပ်နှံထားခြင်းဖြစ်ကာ ကျင်းတစ်ခုတိုင်းတွင် ဝါးလုံးတစ်ချောင်းတင်ထားသည်ကို တွေ့ရသည်ဟု အခြားဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။
“မြေက နှစ်ရက်၊ သုံးရက်ကြာတော့ နည်းနည်းနိမ့်ဆင်းသွားတယ်လို့ လာပြောတယ်၊ အခင်းထဲမှာ ပုံမှန်လည်းမဟုတ်တော့ဘူး မြေလည်းတူးထားတယ် ဝါးလည်း တစ်ခု တစ်ခု ကန့်လန့်ထားထားတယ် အဲ့တာကြောင့် အလောင်း ဖြစ်နိုင်တယ်လို့ ပြောကြတာ” ဟုသူကပြောသည်။
လာရောက်မြုပ်နှံသည်ကို မတွေ့ရှိသော်လည်း ထိုသို့ ဝါးလုံးကန့်လန့်တင်ထားသည်ကို စိုက်ခင်းများတွင် အများအပြားတွေ့ရပြီး ဆယ်လောင်းနှင့် ဆယ့်ငါးလောင်းကြား ရှိနိုင်သည်ဟု အခြားဒေသခံတစ်ဦးက The 74 Media ကို ထပ်မံပြောသည်။
“လာမြုပ်တာတော့ မတွေ့ဘူးပေါ့။ အဲ့လိုမြုပ်ထားတာ ဆယ်ယောက်၊ ဆယ့်ငါးယောက်လောက် ရှိတယ်ပြောကြတယ်။ လမ်းမှာသွားတော့ နှစ်လောင်းဘဲတွေ့တယ်။ ဒါပေမဲ့ ပတ်ဝန်းကျင်မှာလည်း သိပ်မသွားရဲဘူး မိုင်းလည်း မကွဲတာတွေရှိတယ်” ဟုသူကပြောသည်။
ဒေသခံအများစုသည် စာဝတ်နေရေးအတွက် နေ့စဉ် တောင်ယာလုပ်ငန်းကို လုပ်ကိုင်စားသောက်နေရသောကြောင့် ယခုကဲ့သို့ အခင်းများတွင် လာရောက်မြုပ်နှံထားသည်ကို စိုးရိမ်မှုများရှိသည်ဟု ပြောသည်။
ကချင်ပြည်နယ် ပူတာအိုမြို့နယ် လုံရှာယာန်အုပ်စု တန်ဂျာကျေးရွာတွင် လွန်ခဲ့သော ဩဂုတ်လ ၂၆ ရက်နေ့ ညနေပိုင်းတွင် ကေအိုင်အေနှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး ကျေးရွာမှဒေသခံ ပြည်သူများသည်လည်း အခြားကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။
သင့်ထင်မြင်ချက်ရေးပေးပါ