NUG သယံဇာတဝန်ကြီး
တစ်နိုင်ငံလုံးရှိ မြို့နယ် ၃၃၀ မြို့နယ်မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တပ်ဖွဲ့ဝင်များကို လက်နက်တပ်ဆင်ပေးရန် ပြင်ဆင်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ၏ သယံဇာတဝန်ကြီးက သူ၏ ဖေ့ဘုတ်လူမှုကွန်ယက်စာမျက်နှာမှတဆင့် ပြောကြားလိုက်သည်။

စစ်ကောင်စီနှင့်တိုက်ပွဲဖြစ်ပွားနေသော PDF တပ်ဖွဲ့ဝင်များသည် လက်နက်အင်အားမျှတမှုမရှိခြင်းနှင့်လက်နက်လုံလောက်မှုမရှိကြောင်းပြောဆိုမှုများအပေါ် ဝန်ကြီးက ၎င်း၏ ဖေ့ဘုတ်စာမျက်နှာမှတဆင့် တနိုင်ငံလုံးရှိ PDF တပ်ဖွဲ့ဝင်များကို လက်နက်တပ်ဆင်ပေးရန် ပြင်ဆင်နေကြောင်း ရေးသားထားသည်။
“လုပ်နေပါတယ်။ မြို့နယ် ၃၃၀ အားလုံး နှံ့အောင်တော့ စောင့်ရမှာပေါ့။ တနိုင်ငံလုံးမှာရှိတဲ့ သိန်းချီသော PDF တွေအတွက် လိုအပ်ချက်တွေတော့ အများကြီးပါ။ တမြို့နယ် အလက် ၁၀၀ ပေးဖို့ ဆိုရင်တောင် ၃၃၀၀၀ လိုအပ်တယ်။ လက်ရှိ အလှူခံထားတဲ့ ဒေါ်လာ ၁၇ သန်း ဖိုး ဝယ်ရင်တောင် အလက် ၅၀၀၀ လောက်ပဲရမယ်။ အံ့သြဖို့ကောင်းတာက အဲ့ထက်မကတော့ဘူး”ဟု ဆိုသည်။
NUG အစိုးရနှင့်လက်တွဲကာ အစစ်အမှန်တိုက်ပွဲဝင်နေကြသော PDF တပ်ဖွဲ့ဝင်များနှင့် ဆက်သွယ်ဆောင်ရွက်မှုများ မနားမနေ ပြုလုပ်နေပြီး စစ်ကောင်စီသတင်းပေး PDF အတုအယောင်များကိုလည်း သတိထားကြရန် ပြည်သူများကို အသိပေးထားသည်။
စစ်ကောင်စီတပ်နှင့်တိုက်ပွဲအတွင်း ကျဆုံးသွားခဲ့သော PDF တပ်ဖွဲ့ဝင်များနှင့်ပတ်သက်ပြီး ဝန်ကြီးက ယခုလို ရေးသားထားသည်။
“မရေမတွက်နိုင်တဲ့ ကိုယ်ထူကိုယ်ထ ဒေသခံ PDF တွေဟာ ဦးဆောင်သူရဲ့ ပါးနပ်မှုပေါ်မူတည်ပါလိမ့်မယ်။ NUG ကာဝန်(ကာကွယ်ရေးဝန်ကြီးဌာန)အောက်မှာ လှုပ်ရှားတဲ့ PDF တွေမှာ နည်းဗျူဟာဌာနတွေရှိတယ်၊ နည်းပညာ အထောက်အကူပြုအဖွဲ့မှာ ကျွမ်းကျင်သူတွေကြပ်မတ်ဆောင်ရွက်ပေးတယ်။ ရန်သူ သတင်းအချက်အလက်ချိတ်ဆက်မှုကအစ ဦးဆောင်ပေးတာရှိတယ်။ အထိအခိုက်နည်းပြီး အောင်မြင်တာများ ပါတယ်။ ထိခိုက်ကျဆုံးမှုတွေအတွက် မည်သည့်အဖွဲ့ကဦဆောင်သည်ဖြစ်စေ ဝမ်းနည်းရပါတယ်။ ပန်းတိုင်တူရင် ငါတို့အဖွဲ့ပါ”ဟု ရေးထားသည်။
ထို့အပြင် အမျိုးသားညီညွတ်ရေးအစိုးရမှ ရရှိထားသော အလှူငွေ ဒေါလာ ၁၇ သန်းကျော်ကို မည်သည့်နေရာတွင် အသုံးပြုနေသည်ဆိုသော မေးခွန်းကိုတော့ လက်နက်ဝယ်ယူခြင်း၊ သင်တန်းစရိတ်အတွက်အသုံးပြုခြင်း၊ CDM များကို ထောက်ပံ့ခြင်းများပြုလုပ်နေကြောင်းဆိုသည်။
ဒေါ်လာ ၁၇ သန်းကျော် ဆိုသည်မှာလည်း ဆင်ပါးစပ် နှမ်းပက်သာဖြစ်ပြီး NUGအစိုးရတစ်ခုလုံး၏ ဘတ်ဂျတ်လိုအပ်ချက်ဖြစ်သည့် ဒေါ်လာ သန်း ၈၀၀ ကိုလည်း မကြာခင်ရရှိတော့မည်ဖြစ်ကြောင်း ရေးသားသည်။
သင့်ထင်မြင်ချက်ရေးပေးပါ