စစ်ကောင်စီယာဉ်တန်းများ
ကချင်ပြည်နယ် မိုးမောက်မြို့နယ်မှထွက်ခွာလာသော စစ်ကောင်စီ၏ ရိက္ခာသယ်ယာဉ်တန်းတစ်ခု ယနေ့နံနက် ၁၀ နာရီဝန်းကျင်ခန့်က ဒေါ့ဖုန်းယန်မြို့နယ်ခွဲမှ ကေအိုင်အေတပ်စခန်းရှိရာဘက်သို့ ထွက်ခွာသွားသည်ဟု သိရသည်။

စစ်ကောင်စီ၏ ရိက္ခာသယ်ယာဉ် ၂၇ စီးသည် နွယ်လန်းကျေးရွာမှ ဗန်းမော် – မြစ်ကြီးနား လမ်းအတိုင်း ဒေါ့ဖုန်းယန်မြို့နယ်ခွဲသို့ ရောက်ရှိလာပြီး တောင်ဘက်သို့ ခရီးဆက်သွားကြောင်း အမည်မဖော်လိုသူ ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။
“၁၀ နာရီကျော်လောက်တုန်းက ဒေါ့ဖုန်းယန်ကို တက်လာတယ်၊ ကား ၂၇ စီး ဟုတ်တယ်။ မိန်းလမ်းလိုပဲ လာတယ် လမ်းဘေးမှာ ယာဉ်တန်းခနရပ်ပြီး တောင်ဘက်ကို သွားလိုက်တာ လဂျားယန်ဘက်သွားတာလား ဘာလား မသိဘူး” ဟုသူကပြောသည်။
စစ်ကောင်စီတပ်၏ ကား ၂၇ စီးပါ ထိုယာဉ်တန်းတွင် ဆန်သယ်သော ကားပိုများပြီး စစ်သားသယ်ဆောင်သည့် ကား သုံးစီးခန့်ပါဝင်သည်ဟု အခြားဒေသခံတစ်ဦးကပြောသည်။
ဒေါ့ဖုန်းယန်မြို့သည် မိုးမောက်မြို့နှင့် လဂျားယန်ကျေးရွာအကြားတည်ရှိပြီး အဆိုပါနေရာနှင့် အနီးတဝိုက်တွင် ကေအိုင်အေတပ်စခန်းအချို့တည်ရှိသည်။
မိုးမောက်မြို့နယ်တွင် ကေအိုင်အေနှင့် စစ်ကောင်စီတပ်တို့ကြား မေလလယ်မှစ၍ တိုက်ပွဲအခြေအနေ ငြိမ်သက်နေသော်လည်း စစ်ကောင်စီတပ်က ကချင်ပြည်နယ်သို့ လက်နက်၊ ရိက္ခာနှင့် စစ်အင်အား တိုးချဲ့မှုများ ဆက်လက်ပြုလုပ်နေလျက်ရှိသည်။
ဓါတ်ပုံ – ၂၀၁၉ ခုနစ်အတွင်းက ဝိုင်း​မော်မြို့နယ် နန်ဆန်ယန်​ကျေးရွာအတွင်း ​တွေ့ရ​သော စစ်​ကောင်စီ၏ စစ်ယာဥ်တန်း။
သင့်ထင်မြင်ချက်ရေးပေးပါ