ဝါရာဇွပ်ကျေးရွာ
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လီဒိုလမ်းမကြီး​ပေါ်ရှိ ဘန်ကောက်ကျေးရွာ ယုဇနကုမ္ပဏီအနီးတွင် ယမန်နေ့ မွန်းလွှဲသုံးနာရီခန့်က ပြည်သူနှစ်ဦး မိုင်းနင်းမိသည်ဟု သိရသည်။

အဆိုပါမိုင်းအား စစ်​ကောင်စီလက်​အောက်ခံ ပြည်သူ့စစ်အဖွဲ့မှထောင်ထားခြင်းဖြစ်​ကြောင်း အမည်မ​ဖော်လိုသူ ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။
“ယုဇနကုမ္ပဏီအနောက်ဘက်က လမ်းမှာဟုတ်တယ်။ လမ်းပေါ်မှာပဲ။ မိုင်းထောင်တာကတော့ ပြည်သူ့စစ်တွေ ထောင်ထားတာဟုတ်တယ်။ KIAတွေ ဖြတ်သွားဖြတ်လာ ရှိတယ်ဆိုပြီး ထောင်ထားတဲ့သဘောပေါ့။ ဆိုင်ကယ်မောင်းတဲ့အမျိုးသားကတော့ ဒဏ်ရာရတယ်ဆိုပေမယ့် အရမ်းစိုးရိမ်မှုတော့မရှိပါဘူး။ တောင်ယာသွားရင်းနဲ့ထိတာ။ မိုင်းတွေထပ်မြှုပ်ထားတာတွေ အများကြီး ရှိသေးတယ်လို့ကြားတယ်” ဟု ပြောသည်။
မိုင်းနင်းမိသူနှစ်ဦးမှာ အသက် ၅၀ အရွယ်ခန့် လင်မယားနှစ်ဦးဖြစ်ပြီး ရှထူးဇွပ်ကျေးရွာတွင် နေထိုင်ကြသူများဖြစ်သည်ဟု သူကဆက်ပြောသည်။
ဒဏ်ရာရရှိသူ အမျိုးသားမှာ ဒူးတွင်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသူကဆက်​ပြောသည်။
ဖားကန့်မြို့နယ်ရှိ ဝါရာဇွပ်ကျေးရွာအုပ်စုတွင် အိမ်ထောင်စု ၁၃၂၀ စုနှင့် လူဦးရေ ၇၄၅၈ ဦး နေထိုင်ကြသည်။
သင့်ထင်မြင်ချက်ရေးပေးပါ