မိုးညှင်းမြို့တွင် လူငယ်သုံးဦးကို MyTel တာဝါတိုင် မီးရှို့ရန်ကြံစည်သည်ဟုစွပ်စွဲကာ စစ်ကောင်စီဖမ်းဆီး
ကချင်ပြည်နယ်၊ မိုးညှင်းမြို့၊ ပင်းဟဲကျေးရွာနှင့် ပင့်သာကျေးရွာကြားတွင် ယနေ့ နံနက်က လူငယ်သုံးဦးကို MyTel တာဝါတိုင်အား မီးရှို့ရန်ကြံစည်သူများဟု စွပ်စွဲကာ ဖမ်းဆီးသွားကြောင်းသိရသည်။

တာဝါတိုင်အနီးတွင် ယမန်နေ့ စက်တင်ဘာ ၁၃ ရက်နေ့ညက ဒီဇယ်ပုံးကိုင်ဆောင်ထားသည်ကို တွေ့ရှိသဖြင့် လိုက်လံဖမ်းဆီးသော်လည်း လွတ်မြောက်သွားပြီး ယနေ့နံနက်တွင် ဖမ်းဆီးခံရခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။
မိုးညှင်းမြို့တွင် လူငယ်သုံးဦးကို MyTel တာဝါတိုင် မီးရှို့ရန်ကြံစည်သည်ဟုစွပ်စွဲကာ စစ်ကောင်စီဖမ်းဆီး
“မနေ့က ည ၁၀ နာရီ ဝန်းကျင်က ဒီဇယ်ပုံးကိုင်ပီးတော့ MyTel တိုင်နားမှာရောက်နေတာတွေ့မိပြီး ပြည်သူ့စစ်တွေက သေနတ်တွေနဲ့ပစ်ပြီး လိုက်ဖမ်းကြပါတယ် မမိသွားဘူး။ ဒီနေ့မနက်မှာ ဆိုင်ကယ်နဲ့ ဖုန်းကျန်ထားတဲ့အတွက်ကြောင့် နှစ်ယောက်က သွားယူတဲ့အချိန် ဖမ်းဆီးခံရပါတယ်။” ဟုသူကပြောသည်။
တာဝါတိုင်အနီးတွင် ပြည်သူ့စစ်များရှိနေချိန် ထိုနေရာသို့လာသော လူငယ်တစ်ဦးကိုလည်း ထပ်မံဖမ်းဆီးသွားပြီး ဖမ်းဆီးစဉ် လူငယ်များကို ရိုက်နှက်၍ အမြှောက်တပ်သို့ ပို့မည်ဟု ကြားသိရကြောင်း သူကဆက်ပြောသည်။
ဖမ်းဆီးခံရသူလူငယ်သုံးဦးမှာ အသက် ၁၇ နှစ်အရွယ် ပင့်သာနှင့် ပင်းဟဲကျေးရွာတို့တွင် နေထိုင်သော မောင်ပိုင်ဖြိုးဝေ၊ မင်းသူရဇော်နှင့် မောင်ဝေသက်စိုး တို့ဖြစ်ကြပြီး မိသားစုနှင့် တွေ့ခွင့်မရသေးကြောင်း သိရသည်။
မြန်မာနိုင်ငံအနှံ့တွင် ဩဂုတ်လကုန်ပိုင်းမှ စတင်ကာ စစ်ကောင်စီကျောထောက်နောက်ခံပြုထားသည့် MyTel ကုမ္ပဏီ၏ ရုံးခန်းများနှင့် တာဝါတိုင်များကို ဗုံးခွဲခံခဲ့ရပြီး စစ်ကိုင်းတိုင်းဒေသအတွင်း စက်တင်ဘာ ၇ ရက်နေ့က MyTel တာဝါတိုင် ၁၃ တိုင်ဖျက်ဆီးခံခဲ့ရသည်။
သင့်ထင်မြင်ချက်ရေးပေးပါ